အီတလီနိုင်ငံရဲ့ သက်တော်ရှည် အသင်းတွေထဲက တသင်း ဖြစ်တဲ့ ပါးမားအသင်းမှာ ကစားနေတဲ့ ဝါရင့် အီတလီ ဂိုးသမားကြီး ဘူဖွန်ကတော့ သူဟာ ကစားသမား ဘဝ နောက်ဆုံးအချိန်ကို ရောက်ရှိနေပေမယ့် ဘောလုံးကစားခြင်းကို စွန့်လွှတ်ဦးမှာ မဟုတ်ပဲ အသက် ၅၀ ပြည့်တဲ့ အထိ ဘောလုံးကစားဖို့ အစီအစဉ် ရှိကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၄၄နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ဝါရင့် ဂိုးသမားကြီး ဘူဖွန်ဟာ ကမ္ဘာ့ဘောလုံး သမိုင်းတလျှောက် အကောင်းဆုံး ဂိုးသမားတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး လက်ရှိအချိန် အထိ အကောင်းဆုံး လက်စွမ်းတွေကို ပိုင်ဆိုင်ထားဆဲ ဂိုးသမား တဦးလည်း ဖြစ်ပါတယ်။

Photo Credit: Bein Sports

ဘူဖွန်ဟာ လက်ရှိအချိန်မှာ သူ့ရဲ့ ငယ်ဘဝကလပ် ပါးမားနဲ့အတူ အီတလီ စီးရီးဘီပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်နေရပေမယ့် ပါးမားရဲ့ နံပါတ်တစ် ဂိုးသမား နေရာကို သိမ်းပိုက်ထားနိုင်သလို စီးရီးဘီပြိုင်ပွဲရဲ့ ရာသီဝက်ကာလ အကောင်းဆုံး ဂိုးသမား ၅ဦး စာရင်းထဲကို ဝင်ရောက်နိုင်ခဲ့ပါသေးတယ်။

ဒါကြောင့်ပဲ ဘူဖွန်က လာမယ့် ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို အီတလီနဲ့အတူ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိဖို့ မျှော်မှန်းထားပြီး အကယ်၍ အီတလီကသာ ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ခွင့် မရခဲ့ပါက ၂၀၂၆ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ အထိ ဘောလုံး ဆက်ကစားဦးမယ်လို့ ဆိုပါတယ်။

Photo Credit: Bein Sports

ဘူဖွန်က – “ကျွန်တော်က အသက် ၅၀ ပြည့်တဲ့ အချိန်အထိ ဘောလုံး ကစားချင်ပါတယ်။ တကယ်လို့ အီတလီကသာ ဒီနှစ်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရဘူးဆိုရင် လာမယ့် ၂၀၂၆ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျွန်တော် စောင့်ဆိုင်းသွားမှာပါ” လို့ ကစားသမားဘဝ ကနေ ဘယ်အချိန်မှာ အနားယူမလဲ ဆိုတဲ့ မေးခွန်းကို ဖြေကြားခဲ့တာပဲ ဖြစ်ပါတယ်။