MySport Myanmar

အီတလီ ဂန္တဝင်ကြီး ဘူဖွန်ကိုပါ ဆော်ဒီကလပ်က ကမ်းလှမ်းမှု ပြုလုပ်ထား

MILAN, ITALY - JANUARY 10: Gianluigi Buffon of Parma Calcio reacts during the Coppa Italia match between FC Internazionale and Parma Calcio at Stadio Giuseppe Meazza on January 10, 2023 in Milan, Italy. (Photo by Marco Luzzani/Getty Images)

အမည်ဖော်ပြထားခြင်း မရှိတဲ့ ဆော်ဒီလိဂ် ကလပ်အသင်း တစ်သင်းက အီတလီ ဂန္တဝင် ဂိုးသမားကြီး ဂျန်လူချီဘူဖွန်ကိုပါ မက်မောလောက်စရာ ငွေကြေး ပမာဏတစ်ခုနဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားတယ်လို့ အီတလီ သတင်းမီဒီယာ Corriere dello Sport က ဖော်ပြထားခဲ့ပါတယ်။

Photo Credit : Eurosport

အသက် (၄၅)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဝါရင့် ဂိုးသမားကြီး ဘူဖွန်ဟာ ကစားသမားဘဝအတွင်းမှာ ဆယ်စုနှစ် (၃)ခုစာလောက် ဖြတ်သန်းထားခဲ့တဲ့ အတွေ့အကြုံရှိ ဂိုးသမားတစ်ဦးဖြစ်ကာ လက်ရှိမှာတော့ စီးရီးဘီကလပ် ပါးမားအသင်းမှာ ပါဝင်ကစားနေပါတယ်။ တံကောက်ကြောဒဏ်ရာကြောင့် သူရဲ့ ပွဲကစားခွင့်တွေ နည်းပါးနေရပေမယ့်လည်း ဒဏ်ရာက သက်သာလာချိန်မှာတော့ ပါးမားရဲ့ ပွဲထွက် ဂိုးသမားနေရာကို ပြန်လည် ရယူနိုင်ခဲ့ရင်း အသင်းကိုပါ ပလေးအော့အဆင့်ထိ ပို့ဆောင်ပေးနိုင်ခဲ့ပါသေးတယ်။

Photo Credit : Sky Sports

ပရော်ဖက်ရှင် ကစားသမားဘဝမှာ ပွဲပေါင်း (၁၁၀၀)လောက်အထိ ပါဝင်ကစားထားခဲ့ပြီး ဂိုးသမားတွေထဲမှာ GOAT တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ဘူဖွန်ကို ဆော်ဒီကလပ်အသင်း တစ်သင်းက တစ်နှစ်လုပ်ခ ပေါင် (၂၅)သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားတယ်လို့ သိရှိရပါတယ်။ ဂျုဗင်တပ်စ် ပီအက်စ်ဂျီအသင်းတို့ရဲ့ ကစားသမားဟောင်းကြီး ပါးမားရဲ့ အသင်းခေါင်းဆောင် ဘူဖွန်ဟာ လက်ရှိမှာ ပါးမားအသင်းနဲ့ တစ်နှစ်စာချုပ် ကျန်ရှိနေသေးပေမယ့် ဆော်ဒီကလပ်က ကစားသမားအတွက် မြင့်မားတဲ့ လစာအပြင် ပါးမားအတွက်ကိုလည်း ပြောင်းရွှေ့ကြေး တစ်စုံတစ်ရာပါ ပေးချေသွားဖို့ ရှိနေပါတယ်။

ဒါကြောင့် ဘူဖွန်အနေနဲ့ သူရဲ့ ကစားသမားဘဝ နောက်ဆုံးအချိန်တစ်ခုမှာ သူရဲ့ လက်ရှိကလပ် boyhood ကလပ်ဖြစ်တဲ့ ပါးမားအသင်းမှာပဲ ဆက်ရှိသွားမလား ဒါမှမဟုတ် ငွေကြေးများစွာ ပေးချေသွားမယ့် ဆော်ဒီ ဘောလုံးရပ်ဝန်းဆီကိုပဲ ပြောင်းရွှေ့သွားမလားဆိုတာ ဆက်လက် စောင့်ကြည့်သွားရပါမယ်။

Exit mobile version