ဒီနှစ်ဘောလုံးရာသီ လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ နောဝစ်ချ်အသင်းအတွက် အတော်လေးကို ခြေစွမ်းပြနိုင်ခဲ့တဲ့ ကွင်းလယ်ကစားသမား အယ်မီဘွမ်ဒီယာက သူရဲ့အိုင်ဒေါကစားသမားတစ်ယောက်ဖြစ်တဲ့ လီယွန်နယ်မက်ဆီဟာ သူ့ကို စပိန်နဲ့ အာဂျင်တီးနား ဘယ်နိုင်ငံလက်ရွေးစင်အသင်းကို ကိုယ်စားပြုပြီး ပါဝင်ကစားချင်လဲလို့ မေးမြန်းလာခဲ့ကြောင်း ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။

Photo Credit : Norwich City

အသက်(၂၄)နှစ်အရွှယ်ရှိ ကွင်းလယ်တိုက်စစ်ကစားသမား ဘွမ်ဒီယာဟာ စပိန်ယူ-၁၉အသင်းမှာ ပါဝင်ကစားခဲ့ဖူးသလို အာဂျင်တီးနားယူ-၂ဝအသင်းမှာလည်း ပါဝင်ခဲ့ဖူးတာကြောင့် စီနီယာလက်ရွေးစင်အသင်း ရွေးချယ်တဲ့နေရာမှာ စပိန်ရော အာဂျင်တီးနားကိုပါ ရွေးချယ်နိုင်တဲ့ အခွင့်အရေးမျိုးကို ရရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် အာဂျင်တီးနားကြယ်ပွင့် မက်ဆီက ဘွမ်ဒီယာအနေနဲ့ ဘယ်လက်ရွေးစင်အသင်းကို ရွေးချယ်သွားမလဲလို့ မေးခွန်းထုတ်လာခဲ့ရာ ဘွမ်ဒီယာက သူနှစ်သက်ရတဲ့ ကစားသမား မက်ဆီနဲ့ တွဲဆော့ချင်တာကြောင့် အာဂျင်တီးနားကိုသာ ရွေးချယ်မယ်လို့ ပြန်လည်ဖြေဆိုသွားခဲ့ပါတယ်။

Photo Credit : ArsenalCore

ဘွမ်ဒီယာက “မက်ဆီ ကျွန်တော်ကို မေးလာခဲ့တယ်။ မင်းဘာလုပ်ချင်သလဲ။ စပိန် ဒါမှမဟုတ် အာဂျင်တီးနား ဘယ်အသင်းအတွက်ကို မင်းပါဝင်ကစားပေးချင်လဲဆိုပြီးတော့ မေးလာပါတယ်။ ကျွန်တော် အလျင်အမြန်ပဲ ပြန်ဖြေခဲ့တယ်။ ကျွန်တော်အာဂျင်တီးနားအသင်းမှာပဲ ပါဝင်ကစားချင်တာ အသေအချာပါပဲလို့။ ကျွန်တော်က မက်ဆီနဲ့ တွဲဖက်ကစားချင်နေတာပါ။ ဒါက ကျွန်တော်အမြဲတမ်း မက်ခွင့်ရချင်တဲ့ အိမ်မက်တစ်ခုပါပဲ။ ဒီနှစ်အတွက် အဓိကပစ်မှတ်က ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို ပြန်လည်တတ်လှမ်းနိုင်ဖို့ဖြစ်ပြီးတော့ အခု ဒီပစ်မှတ်ကို ကျွန်တော်တို့တွေ အကောင်အထည် ဖော်နိုင်ခဲ့တယ်။ ဒါပေမယ့် ဘောလုံးသမားတိုင်းကတော့ သူရဲ့နိုင်ငံလက်ရွေးစင်အသင်းအတွက် ပါဝင်ကစားပေးချင်ကြတာပဲ။ ဒါက ကျွန်တော်အတွက်တော့ အထူးခြားဆုံး အရာတစ်ခု ဖြစ်လာမှာပါ။ ကျွန်တော်လည်း နေ့စဉ်တိုင်းလိုလို လက်ရှိခြေစွမ်းတွေထက် ပိုမိုကောင်းမွန်လာအောင် လက်ရွေးစင်အသင်းမှာ ပါဝင်ကစားခွင့်ရလာအောင် ကြိုးစားနေပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဘွမ်ဒီယာဟာ ဒီနှစ်ရာသီမှာ နောဝစ်ချ်အသင်းအတွက် သွင်းဂိုး(၁၄)ဂိုး သွင်းယူထားခဲ့ပြီး ဂိုးဖန်တီးမှုမှာလည်း (၁၇)ကြိမ် လုပ်ဆောင်ထားခဲ့ကာ နောဝစ်ချ်အသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုနဲ့ လိဂ်ချန်ပီယံရှစ် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုတို့ကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။