MySport Myanmar

ပင်နယ်တီ ပေးဖို့ ငြင်းဆန်ခဲ့တဲ့ ဒိုင်အဖွဲ့ကို သူတို့အား လာတောင်းပန်ဖို့ ပြောခဲ့တဲ့ ဘရူနို

ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၂)မှာ စပါးကို အဝေးကွင်းမှာ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ပြီးနောက် သူတို့အသင်း ရသင့်တဲ့ ပင်နယ်တီကို မပေးခဲ့တဲ့ ပရီးမီးယားလိဂ် ဒိုင်အဖွဲ့ချုပ်ရဲ့ တောင်းပန်မှုကို လိုချင်ကြောင်း ပွဲပြီးအင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အဲရစ် တန်ဟက်ဂ် ဦးဆောင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ ဝုလ်ဗ်ကို အနိုင်ရအောင် ခက်ခက်ခဲခဲ ကစားခဲ့ရသလို ဒီတပတ် စပါးနဲ့ပွဲမှာလည်း ခြေစွမ်းကောင်း တချို့ ပြသနိုင်ခဲ့ပေမယ့် ဂိုးသွင်းခွင့်တွေ အသုံးမချနိုင်ခဲ့တာကြောင့် ၂-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ကာ ရမှတ်ဗလာနဲ့ အိမ်ပြန်ခဲ့ရပါတယ်။

Photo Credit: Standard

စပါး ၂-၀ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပြီး နှစ်သင်းစလုံးက မြန်နှုန်းမြင့် ကစားတတ်တဲ့ အသင်းတွေ ဖြစ်တာကြောင့် ပွဲက အတော်လေးကို အကြိတ်အနယ် ရှိခဲ့သလို ကြည့်ကောင်းတဲ့ ပွဲတပွဲ ဖြစ်ခဲ့ပါတယ်။

ပထမပိုင်းမှာတော့ ဧည့်သည် မန်ချက်စတာ ယူနိုက်တက်က အိမ်ရှင် စပါးထက် ကစားပုံ ပိုကောင်းခဲ့ပြီး အပိုင် ဂိုးသွင်းခွင့် တချို့ ရခဲ့ပေမယ့် အဓိက ကစားသမားတွေ ဖြစ်တဲ့ ရက်ဖို့ဒ် ၊ အန်တိုနီ ၊ ဘရူနို ဖာနန်ဒက် စတဲ့ ကစားသမားတွေက ဂိုးသွင်းခွင့်တွေကို အသုံးမချနိုင်ခဲ့တာကြောင့် ယူနိုက်တက်က သွင်းဂိုးတွေ မရခဲ့ပါဘူး။

အိမ်ရှင် စပါးကတော့ အပိုင် ဂိုးသွင်းခွင့်တွေ ဖြုန်းခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်ကို ဒုတိယပိုင်းမှာ ကောင်းကောင်းကြီး ပညာပေးခဲ့ပြီး ပွဲချိန် ၄၉မိနစ်မှာ ကွင်းလယ်လူ ဆားလ်က စပါးအတွက် ဦးဆောင်ဂိုးကို စတင် သွင်းယူပေးခဲ့သလို ပွဲချိန် ၈၃မိနစ်မှာလည်း ဒေးဗီးစ်ရဲ့ ကန်ချက်က မာတီနက်ဇ်နဲ့ ထိကာ လမ်းကြောင်းပြောင်း ဂိုးဝင်သွားရင်း စပါးက ပွဲသိမ်း အနိုင်ဂိုးကို ထပ်မံ ရရှိခဲ့ပါတယ်။

Photo Credit: Daily Star

စပါး ၂-၀ မန်ချက်စတာ ယူနိုက်တက် ပွဲအပြီးမှာတော့ ယူနိုက်တက် အသင်းခေါင်းဆောင် ဖာနန်ဒက်က ပထမပိုင်းမှာ ဂါနာချိုရဲ့ ကန်ချက်ကို တားဆီးဖို့ ကြိုးစားရာ ကနေ စပါးနောက်ခံလူ ရိုမဲရို တယောက် လက်ထိခဲ့ပေမယ့် ပင်နယ်တီ ပေးဖို့ ငြင်းဆန်ခဲ့တဲ့ ဒိုင်အဖွဲ့ကို ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပြီး ဒိုင်အဖွဲ့ရဲ့ တာဝန်ရှိသူ တဦး ဖြစ်သူ ဂျွန်မော့စ်ဟာ ပြီးခဲ့တဲ့အပတ်မှာ သူတို့အသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဝုလ်ဗ်ကို ပင်နယ်တီ မပေးခဲ့မိလို့ တောင်းပန်ခဲ့သလို သူတို့အသင်းကို လာတောင်းပန်ဖို့ လိုအပ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

ဖာနန်ဒက်က – “ကျွန်တော်ကတော့ ဒီဖြစ်ရပ်ကြောင့် (လက်ထိဘောဖြစ်ရပ်) ဂျွန်မော့စ် တယောက် ကျွန်တော်တို့ရဲ့ အဝတ်လဲခန်းထဲ အထိ လာပြီး ကျွန်တော်တို့ကို တောင်းပန်စကား ပြောမလား ဆိုတာ စောင့်ကြည့်ချင်ပါတယ်။ ရှေ့တပတ်တုန်းကတော့ သူက ဝုလ်ဗ်နည်းပြကို သွားတောင်းပန်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်ကလည်း ဒီတပတ်မှာ သူက ကျွန်တော်တို့ကို လာတောင်းပန်ဖို့ မျှော်လင့်ထားပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

Exit mobile version