၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပေါ်တူဂီရဲ့ အဓိက ကွင်းလယ်တိုက်စစ် ကစားသမား ဘရူနို ဖာနန်ဒက်က သူ့ရဲ့ ကလပ်အသင်းဖော် တဦး ဖြစ်ခဲ့သူ ခရစ္စတီယာနို ရိုနယ်ဒိုဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပေါ်တူဂီ ၆-၁ ဆွစ်ဇာလန် ပွဲစဉ်မှာ အရန်ခုံ ထိုင်ခဲ့ရလို့ မပျော်မရွှင် ဖြစ်နေခဲ့ကြောင်း ပွဲအပြီးမှာ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

ဖာနန်ဒက်နဲ့ ရိုနယ်ဒိုတို့ရဲ့ ပေါ်တူဂီက ယနေ့မနက် အစောပိုင်းမှာ ကမ္ဘာ့ဖလား ၁၆သင်း ရှုံးထွက်ပွဲ အဖြစ် ဆွစ်ဇာလန်နဲ့ ရင်ဆိုင် ယှဉ်ပြိုင်ခဲ့ရပြီး ပေါ်တူဂီနည်းပြ ဆန်းတို့စ်က အဆိုပါပွဲမှာ အသင်းခေါင်းဆောင် ရိုနယ်ဒိုကို အရန်ခုံ ပို့ခဲ့ကာ ဂျာအို ဖီးလစ်နဲ့ ဂွန်ကာလို ရာမို့စ်တို့ရဲ့ လူငယ် တိုက်စစ်အတွဲကို အသုံးပြုခဲ့ပါတယ်။

Photo Credit: The Sun

ရာမို့စ်နဲ့ ဖီးလစ်တို့ နှစ်ဦးစလုံးက လူငယ် ကစားသမားတွေ ဖြစ်သလို မြန်နှုန်းမြင့် ကစားဟန်အတိုင်း လိုက်ပါ ကစားနိုင်တာကြောင့် ရိုနယ်ဒိုနဲ့ ဖီးလစ်တို့ရဲ့ တိုက်စစ်အတွဲထက် ပိုမို အလုပ်ဖြစ်ခဲ့သလို ရိုနယ်ဒိုရဲ့ နေရာကို ဝင်ကစားခဲ့တဲ့ ရာမို့စ်ကလည်း သူ့ရဲ့ ကစားသမား ဘဝ ပထမဦးဆုံး ကမ္ဘာ့ဖလား ဟက်ထရစ်ကို သွင်းယူနိုင်ခဲ့ပါတယ်။

ပေါ်တူဂီ ၆-၁ ဆွစ်ဇာလန် ပွဲစဉ်မှာ ပေါ်တူဂီအတွက် သွင်းဂိုးတွေကို ရာမို့စ်က ၃ဂိုးနဲ့ ပီပီ ၊ ဂွာရဲရိုး ၊ လီယာအိုတို့က ၁ဂိုးစီ အသီးသီး သွင်းယူပေးခဲ့ကြတာ ဖြစ်ပြီး ဆွစ်ဇာလန် အတွက် သိက္ခာဆယ် ချေပဂိုးကိုတော့ ပွဲချိန် ၅၈မိနစ်မှာ အဓိက နောက်ခံလူ အကန်ဂျီက သွင်းယူပေးခဲ့တာပါ။

Photo Credit: The Sun

ပွဲပြီးဆုံးချိန်မှာတော့ ပေါ်တူဂီ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်က သတင်းထောက်တွေနဲ့ အင်တာဗျူး တခု ပြုလုပ်ခဲ့ပြီး အဆိုပါ အင်တာဗျူးမှာ သတင်းထောက် တဦးက အရန်ခုံ ထိုင်ခဲ့ရတဲ့ ရိုနယ်ဒို တယောက် စိတ်ညစ်နေခဲ့လားလို့ မေးခဲ့ကာ ဘရူနို ဖာနန်ဒက်ကလည်း အရေးကြီးတဲ့ ပွဲမျိုးမှာ ကစားသမားတိုင်းဟာ အသင်းအတွက် ဝင်ရောက် ကစားပေးချင်ကြောင်းနဲ့ ရိုနယ်ဒိုဟာ အရန်ခုံ ထိုင်ခဲ့ရလို့ မပျော်မရွှင် ဖြစ်ခဲ့ကြောင်း ပြန်လည် ဖြေဆိုခဲ့ပါတယ်။

ဖာနန်ဒက်က – “ကစားသမားတိုင်းက အသင်းအတွက် ပေးဆပ် ကစားချင်ကြတာချည်းပါပဲ။ ဘယ်သူကမှ အရန်ခုံမှာ ထိုင်ရတာကို မကြိုက်ကြပါဘူး။ ဟိုဆေး ဆာ ဆိုရင် ကျွန်တော်တို့ရဲ့ တတိယ ဦးစားပေး ဂိုးသမားပါ။ သူက တတိယ ဦးစားပေး ဂိုးသမား ဖြစ်လို့ တမိနစ်တောင် ကစားခွင့် မရသေးပါဘူး။ သူက တတိယ ဦးစားပေး ဂိုးသမား ဖြစ်နေတယ် ဆိုတာကို သိပေမယ့် ဟိုဆေး ဆာက ကစားခွင့် မရသေးလို့ မပျော်မရွှင် ဖြစ်နေပါတယ်။ ဒါကြောင့် ရိုနယ်ဒိုက အရန်ခုံ ထိုင်ရတာကို ပျော်နေတယ်လို့ ထင်ရင် ခင်ဗျားတို့ မှားပါတယ်။ တကယ်လို့ နည်းပြက လာမယ့်ပွဲမှာ ကျွန်တော့်ကို အရန်ခုံ ပို့ခဲ့ရင် ကျွန်တော်ကလည်း ဒေါသထွက်မိမှာပါပဲ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။