ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မှာ ပေါ်တူဂီကလပ် စပို့တင်းအသင်းကနေ ပရီးမီးယားလိဂ် ထိပ်သီးအသင်းဖြစ်တဲ့ မန်ယူအသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်၆၀သန်းဝန်းကျင်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ပေါ်တူဂီကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ဟာ အသင်းသစ်ကို ရောက်တာ မကြာသေးပေမယ့် လက်ရှိမှာတော့ အသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်လို့နေပါပြီ။ ဖာနန်ဒက်စ်ဟာ မန်ယူအသင်းအတွက် ပထမဦးဆုံး ကစားပေးခဲ့တဲ့ ပွဲစဉ်ခြောက်ပွဲမှာ သွင်းဂိုး ၃ဂိုး ၊ ဂိုးဖန်တီးမှု ၂ကြိမ်တို့ကို ပြုလုပ်ပေးထားခဲ့သူပါ။

Photo Credit: ESPN.com

လက်ရှိမှာတော့ မန်ယူအသင်းရဲ့ ပရိသတ်များသာမက ဘောလုံးကျွမ်းကျင်သူတွေကပါ ဘရူနိုရဲ့ ခြေစွမ်းတွေကို သဘောကျနေကြပြီး ဘရူနိုဟာ မန်ယူအသင်းရဲ့ ကွင်းလယ်မှာ အခရာကျတဲ့သူဖြစ်တယ်လို့ ယူဆနေကြပြီး မှတ်တမ်းတွေအရလည်း ဖာနန်ဒက်စ်ဟာ မန်ယူအသင်းရဲ့ နောက်ဆုံးပွဲစဉ်တွေမှာ ခြေစွမ်းအပြနိုင်ဆုံး ကွင်းလယ်လူဖြစ်နေပါတယ်။ စပို့တင်းအသင်းရဲ့ နည်းပြဖြစ်သူ စီလက်စ်ကတော့ ဘရူနိုရဲ့ ခြေစွမ်းဟာ ယခုမှ အစပဲရှိသေးကြောင်းနဲ့ အသင်းရဲ့ ကစားပုံနဲ့ တစ်သားတည်းဖြစ်သွားရင် ပိုပြီး ခြေစွမ်းပြလာနိုင်ပါလိမ့်မယ် လို့ သူ့ရဲ့အမြင်ကို ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

Photo Credit: ESPN.com

ဘရူနိုဖာနန်ဒက်စ်ရဲ့ ခြေစွမ်းနဲ့ပတ်သတ်ပြီး စီလက်စ်က ” မန်ယူအသင်းကို သူရောက်စတုန်းက ဝေဖန်မှုတွေ ၊ သံသယမျက်လုံးတွေနဲ့ ကြည့်ခံရတာတွေ ရှိခဲ့တယ်မဟုတ်လား။ အခု သူ ဘယ်လိုဖြစ်နေပြီလဲ။ သူက ဒီထက်ပိုကောင်းလာဦးမှာပါ။ နောက်လအနည်းငယ်ကို မျှော်ကြည့်လိုက်ပါ။ သူဟာ အသင်းနဲ့ တစ်သားတည်းဖြစ်သွားရင် ပိုပြီးတော့ ခြေစွမ်းပြ ကစားနိုင်တော့မှာပါ။ ဘရူနိုဟာ တခြားကစားသမားတွေနဲ့ မတူပါဘူး။ သူဟာ အမြဲတမ်းအသင်းနဲ့ လေ့ကျင့်ခန်းဆင်းပြီးရင် ဂိုးပေါက်ကန်သွင်းတဲ့ လေ့ကျင့်ခန်းတွေကို တစ်နာရီနီးပါးလောက် ဆက်လုပ်လေ့ရှိပါတယ်။ ကျွန်တော်က ” ဟေ့ ဘရူနိုရေ တော်သင့်ပြီနော် ” လို့ ပြောရတဲ့ အထိပါပဲ ” လို့ ပြောကြားသွားခဲ့တာပါ။