ပရီးမီးယားလိဂ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဓိက ကွင်းလယ်တိုက်စစ် ကစားသမား တစ်ဦးဖြစ်တဲ့ ဘရူနို ဖာနန်ဒက်ဟာ ယမန်နေ့ည အစောပိုင်းမှာ ကစားခဲ့တဲ့ လက်စတာအသင်းနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ရဲ့ ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် သွင်းဂိုးတစ်ဂိုး ၊ ဂိုးဖန်တီးမှု တစ်ခု ရရှိအောင် စွမ်းဆောင်ပြခဲ့ပြီး အသင်းရဲ့ မရှိမဖြစ် ကစားသမား တစ်ဦးအဖြစ် သက်သေပြခဲ့ပါတယ်။ ကင်းပါဝါ ကွင်းကြီးထဲမှာ ကစားခဲ့တဲ့ အဆိုပါ ပွဲစဉ်မှာ လက်စတာ အသင်းနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ဟာ တစ်ဖက် ၂ဂိုးစီနဲ့ သရေရလဒ် ထွက်ပေါ်ခဲ့ကာ တစ်ယောက် တစ်မှတ်စီ ခွဲဝေ ယူခဲ့ကြပြီး မျှတတဲ့ ရလဒ်တစ်ခုလို့ ဆိုရမှာပါ။

Photo Credit: Team Talk

အဆိုပါပွဲစဉ်မှာတော့ ဧည့်သည် မန်ချက်စတာ ယူနိုက်တက် အသင်းက ဦးဆောင်ဂိုးတွေကို နှစ်ကြိမ်တိုင်တိုင် ရယူနိုင်ခဲ့ပေမယ့် အိမ်ရှင် လက်စတာအသင်းက ချေပဂိုးတွေ ပြန်လည် သွင်းယူခဲ့ကာ ရမှတ်တစ်မှတ်နဲ့ ထိုက်တန်ကြောင်း သက်သေ ပြခဲ့ပါတယ်။ လက်စတာ အသင်းအတွက် သွင်းဂိုးတွေ ကိုတော့ ပွဲကစားချိန် ၃၁မိနစ်မှာ ဘားနက်နဲ့ ပွဲကစားချိန် ၈၅မိနစ်မှာ ဗာဒီရဲ့ ကန်သွင်းချက်ကနေ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တွမ်ဇီဘီက ကိုယ့်ဂိုးကိုယ် သွင်းယူ မိခဲ့တာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် သွင်းဂိုးတွေ ကိုတော့ ပွဲကစားချိန် ၂၃မိနစ်မှာ ဖာနန်ဒက်ရဲ့ ပေးပို့မှုကနေ ရက်ဖို့ဒ်က သွင်းယူပေးခဲ့သလို ပွဲကစားချိန် ၇၉မိနစ်မှာ ဖာနန်ဒက်က ကိုယ်တိုင် သွင်းဂိုးတစ်ဂိုး သွင်းယူ ပေးနိုင်ခဲ့ပါတယ်။

Photo Credit: Team Talk

လက်စတာ အသင်းနဲ့ ပွဲစဉ် ပြီးဆုံးချိန် မှာတော့ ဖာနန်ဒက်ဟာ လက်ရှိ ပရီးမီးယားလိဂ် ဘောလုံး ရာသီမှာ ၁၄ပွဲ ပါဝင် ကစားထားခဲ့ရာ ၁၀ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၆ကြိမ်အထိ ပြုလုပ် ထားနိုင်ခဲ့တဲ့ မှတ်တမ်းကို ရရှိထားပါတယ်။ ဒါ့အပြင် ဖာနန်ဒက်ဟာ စပို့တင်းလစ္စဘွန်း အသင်းကနေ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့လာခဲ့ပြီး နောက်မှာ အသင်းက ရရှိထားတဲ့ ပရီးမီးယားလိဂ် သွင်းဂိုးတွေနဲ့ ၅၂ရာခိုင်နှုန်း အထိ ပါဝင် ပတ်သတ် ထားခဲ့ကာ စုစုပေါင်း ပရီးမီးယားလိဂ် ပွဲစဉ် ၂၈ပွဲ ပါဝင် ကစားပြီးချိန်မှာ ၁၈ဂိုး သွင်းယူထားပြီး ၁၃ဂိုး အထိ ဖန်တီး ပေးထားနိုင်သူပါ။ ကွင်းလယ် တိုက်စစ် ကစားသမား တစ်ဦးအနေနဲ့ အသင်းက ရရှိထားတဲ့ သွင်းဂိုး ၆၀ဂိုးမှာ စုစုပေါင်း ၃၁ဂိုး အထိ ပါဝင် ပတ်သတ် ထားနိုင်တာဟာ အတော်လေးကို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်လို့ ပြောလို့ရပြီး ဖာနန်ဒက်သာ မရှိရင် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ရပ်တည်မှုဟာ ဘယ်လောက်အထိ ကျဆင်းသွားမလဲ ဆိုတာ ခန့်မှန်းလို့ကို ရမယ် မထင်ပါဘူး။