ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ကွင်းလယ်တိုက်စစ် ကစားသမား ဖြစ်သူ ဘရူနို ဖာနန်ဒက်စ်ကတော့ သူဟာ ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာမှ သူတို့အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာတဲ့ ဒိန်းမတ်ကြယ်ပွင့် ကွင်းလယ်လူ အဲရစ်ဆင်နဲ့ တွဲဖက် ကစားရတာကို အတော်လေး သဘောကျနေကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား ဘရူနို ဖာနန်ဒက်စ်က ၂၀၂၀ခုနှစ် ၊ ဇန်နဝါရီလ အပြောင်းအရွှေ့မှာ စပို့တင်း လစ္စဘွန်းကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၆၃သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ မရှိမဖြစ် ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပြီး သူဟာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၁၃၄ပွဲ ပါဝင် ကစားပေးထားရာ ၅၁ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၄၀ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

Photo Credit: Football 365

ယခုနှစ် ဘောလုံးရာသီမှာလည်း ဖာနန်ဒက်စ်က မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁ကြိမ် ရရှိထားပြီး နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ်တချို့မှာ အသင်းခေါင်းဆောင် အဖြစ်ပါ တာဝန်ယူ ကစားခဲ့ရပါတယ်။

နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ဖာနန်ဒက်စ်က သူ့အတွက် မန်ချက်စတာ ယူနိုက်တက် အသင်းဖော်တိုင်းဟာ ကောင်းမွန်တဲ့ ကစားသမားတွေ ဖြစ်ကြပေမယ့် သူနဲ့ အတွဲညီညီ ကစားနိုင်တဲ့ ကစားသမားဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာမှ အသင်းဆီ ရောက်ရှိလာတဲ့ ဒိန်းမတ်ကြယ်ပွင့် ကွင်းလယ်လူ အဲရစ်ဆင် ဖြစ်ကာ သူဟာ အဲရစ်ဆင်နဲ့ တွဲကစားရတာကို အတော်လေး သဘောကျကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Football 365

ဖာနန်ဒက်စ်က – “အဲရစ်ဆင်နဲ့ တွဲကစားရတာက အရမ်းကို ကောင်းပါတယ်။ သူက ဘောလုံးပေးပို့မှု လမ်းကြောင်းတွေကို ရှာဖွေနိုင်စွမ်း ရှိတဲ့ ကစားသမား ဖြစ်တာကြောင့် သူနဲ့အတူ တွဲကစားရတာဟာ ကျွန်တော့်အတွက် ပွဲတပွဲကို ကစားရာမှာ ပိုမို လွယ်ကူသွားစေခဲ့ပါတယ်။ သူက အမြဲတမ်း ပြိုင်ဘက်တွေရဲ့ ကြားထဲမှာ ရှိနေတဲ့ ကျွန်တော့်ကို ရှာဖွေနိုင်သလို ဘောလုံးရောက်အောင်လည်း ပေးနိုင်သူပါ။ သူ့ရဲ့ စွမ်းဆောင်ရည်တွေက လွယ်လွယ်နဲ့ လုပ်ဆောင်နိုင်တဲ့ အရာတွေ မဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဖာနန်ဒက်စ်နဲ့ အဲရစ်ဆင်တို့ ကွင်းလယ်အတွဲဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်အတွဲတွေထဲက တခု အဖြစ် သတ်မှတ်ခံထားရပြီး မန်ချက်စတာ ယူနိုက်တက် ၃-၁ အာဆင်နယ် ပွဲစဉ်မှာ ယူနိုက်တက်တို့ ရရှိခဲ့တဲ့ အနိုင်ဂိုး နှစ်ဂိုးစလုံးဟာ သူတို့နှစ်ဦးရဲ့ အတွဲအဖက် ကနေ ရရှိခဲ့တာပါ။