ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဆီဗီးလားနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာတော့ အိမ်ရှင် ဆီဗီးလားက ဧည့်သည် မန်ချက်စတာ ယူနိုက်တက်ကို ကစားပုံအသာနဲ့ ကစားသွားခဲ့ပြီး အဓိက တိုက်စစ်မှူး အန်နဆရီရဲ့ သွင်းဂိုး နှစ်ဂိုးနဲ့အတူ ၃-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။

ဆီဗီးလားနဲ့ မန်ချက်စတာ ယူနိုက်တက်တို့က ပထမအကျော့ အဖြစ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင် ကစားခဲ့ကြရာ တဖက် နှစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့တာကြောင့် ဒုတိယအကျော့မှာ အနိုင်ရတဲ့ အသင်းက ဆီမီးဖိုင်နယ်ဆီ တက်ရောက်နိုင်မှာ ဖြစ်ပြီး နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ကြပါတယ်။

 

Photo Credit: Squawka

ဆီဗီးလားဘက်က ဒဏ်ရာရ ကစားသမားတွေကလွဲရင် ကျန်တဲ့ အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုနိုင်ချိန်မှာ မန်ချက်စတာ ယူနိုက်တက်က ဒဏ်ရာရ ကစားသမားတွေ အပြင် အသင်းရဲ့ အဓိက ကွင်းလယ်လူလို့ ပြောရမယ့် ဘရူနို ဖာနန်ဒက်ကိုပါ ပွဲပယ်ပြစ်ဒဏ်ကြောင့် လက်လွှတ်ခဲ့ရပါတယ်။

ဘရူနို ဖာနန်ဒက် မပါဝင်နိုင်တဲ့ မန်ချက်စတာ ယူနိုက်တက်က ဂိုးသွင်းဖို့ အတွက် အခွင့်အရေး ဖန်တီးတဲ့ နေရာမှာ အတော်လေး အားနည်းချက်တွေ ရှိခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်က ဂိုးပေါက် ကန်သွင်းခွင့် ၁၆ကြိမ် အထိ ရခဲ့ပေမယ့် အပိုင် အခွင့်အရေး ၁ကြိမ်သာ ရရှိခဲ့ပါတယ်။

Photo Credit: Goal

 

ဒါ့အပြင် ဘရူနို ဖာနန်ဒက် မပါဝင်နိုင်ချိန်မှာ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ရဲ့ လုပ်အားနှုန်းကလည်း အတော်လေး ကျဆင်းသွားခဲ့ပြီး ဆာဘစ်ဇာနဲ့ အဲရစ်ဆင်တို့ဟာ ဘရူနိုနဲ့ တွဲဖက် ကစားခဲ့စဉ်ကလို ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ခြင်း မရှိပဲ ကတ်စ်မဲရိုး တဦးထဲကသာ ပုံမှန်ခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်။

ဘရူနို ဖာနန်ဒက်က ယခုနှစ် ယူရိုပါလိဂ်ပြိုင်ပွဲမှာ အပိုင် ဂိုးသွင်းခွင့်နဲ့ ဂိုးသွင်းခွင့် ဖန်တီးမှု အများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ထားပြီး သူက ဂိုးသွင်းခွင့် စုစုပေါင်း ၃၁ကြိမ် အထိ ဖန်တီးထားနိုင်ပြီး အဆိုပါ ၃၁ကြိမ် အနက် အပိုင်ဂိုးသွင်းခွင့် ၁၁ကြိမ် ပါဝင်ခဲ့ကာ ဆီဗီးလား ၃-၀ မန်ယူ ပွဲစဉ်ဟာ မန်ချက်စတာ ယူနိုက်တက်မှာ ဘရူနို ဖာနန်ဒက်ရဲ့ ဖန်တီးနိုင်စွမ်းက ဘယ်လောက်အထိ အရေးပါခဲ့လဲ ဆိုတာကို မီးမောင်းထိုးပြခဲ့တဲ့ ပွဲစဉ်လို့ ပြောရင်လည်း မမှားပါဘူး။