ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပေါ်တူဂီ ၂-၀ ဥရုဂွေး ပွဲစဉ်မှာ ပေါ်တူဂီ အတွက် အနိုင်ဂိုး ၂ဂိုးစလုံးကို သွင်းယူပေးခဲ့တဲ့ ကွင်းလယ်ဖန်တီးရှင် ဘရူနို ဖာနန်ဒက်က လက်ရှိ ကျင်းပနေဆဲ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံး ကွင်းလယ်လူ အဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ ပေါ်တူဂီတို့ရဲ့ အဓိက ကွင်းလယ်ဖန်တီးရှင် ဘရူနို ဖာနန်ဒက်က ပေါ်တူဂီရဲ့ အုပ်စုပွဲ ၂ပွဲစလုံးမှာ ပွဲချိန်ပြည့် ပါဝင် ကစားပေးထားတဲ့ ကစားသမား တဦး ဖြစ်သလို အုပ်စုအဖွင့်ပွဲ ဖြစ်တဲ့ ပေါ်တူဂီ ၃-၂ ဂါနာ ပွဲစဉ်မှာ အသင်းဖော်တွေ အတွက် ဂိုးဖန်တီးမှု ၂ကြိမ် လုပ်ပေးနိုင်ခဲ့သလို အုပ်စုဒုတိယပွဲ ဖြစ်တဲ့ ပေါ်တူဂီ ၂-၀ ဥရုဂွေး ပွဲမှာလည်း အသင်းအတွက် သွင်းဂိုး ၂ဂိုးစလုံးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

Photo Credit: Standard

ဖာနန်ဒက်က ပေါ်တူဂီ ၂-၀ ဥရုဂွေး ပွဲစဉ်မှာ ပွဲချိန် ၅၄မိနစ်နဲ့ ၉၀+၃မိနစ်တို့မှာ အသင်းအတွက် အနိုင်ဂိုးတွေကို သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပြီး အသင်းအတွက် အနိုင်ဂိုး ၂ဂိုးစလုံးကို သွင်းယူပေးနိုင်ခဲ့တာကြောင့်ပဲ ဖာနန်ဒက်ဟာ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကိုပါ ရရှိထားပါတယ်။

ဖာနန်ဒက်က ယခု ကျင်းပနေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၂ပွဲ ကစားထားရာ ၂ဂိုးသွင်း ၊ ၂ဂိုး ဖန်တီးပေးထားနိုင်တာကြောင့် ပြင်သစ် တိုက်စစ်မှူး အမ်ဘာပေနဲ့အတူ ဂိုးပါဝင်ပတ်သတ်မှု အများဆုံး ကစားသမား အဖြစ် ပူးတွဲ ရပ်တည်နေနိုင်သလို သူဟာ ဂိုးအများဆုံး သွင်းထားနိုင်တဲ့ ကွင်းလယ်လူ အဖြစ်လည်း မှတ်တမ်းဝင်နေပါတယ်။

Photo Credit: Standard

ဒါ့အပြင် ဘရူနို ဖာနန်ဒက်က အုပ်စုပွဲ ၂ပွဲ အပြီးမှာ ပျမ်းမျှ Rating ၈.၉၉ အထိ ရရှိထားတာကြောင့် ပြင်သစ် တိုက်စစ်မှူး အမ်ဘာပေ (၈.၈၉)ကို ကျော်ကာ စွမ်းဆောင်ရည် အကောင်းဆုံး ကစားသမား အဖြစ်ပါ ရပ်တည်နေနိုင်ပါတယ်။

ဘရူနို ဖာနန်ဒက်က ဂိုးဖန်တီးမှု အများဆုံး ကစားသမား စာရင်းကိုလည်း ဇစ်ကိုဗစ် ၊ သီယို ဟာနန်ဒက်ဇ် ၊ အယ်လ်ဘာ ၊ ဟယ်ရီကိန်း ၊ ပါရီဆစ်တို့နဲ့အတူ ပူးတွဲ ဦးဆောင်ထားနိုင်တာကြောင့် သူ့ရဲ့ ဒီနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ စွမ်းဆောင်ရည်ဟာ ကျန်အသင်းတွေရဲ့ ကွင်းလယ်လူတွေထက် ပိုမို သာလွန်နေတယ် ဆိုတာကို အတိုင်းသား မြင်တွေ့နေရပါတယ်။