မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်က မနက်ဖြန်မှာ ကစားသွားရမယ့် မန်ချက်စတာဒါဘီပွဲနဲ့ ပတ်သက်ပြီး မန်စီးတီး လက်ရှိ ကြုံတွေ့နေရတဲ့ ရလဒ်တွေအပေါ် လစ်လျူရှုထားပြီး ကိုယ့်အသင်းအပေါ်မှာသာ အပြည့်အဝ အာရုံစိုက်ထားရမယ်လို့ တိုက်တွန်းပြောဆိုသွားပါတယ်။
ဒီတစ်ပတ်မှာ မန်စီးတီးနဲ့ မန်ယူနိုက်တက်အသင်းတို့ဟာ (၁၉၅)ကြိမ်မြောက် မန်ချက်စတာဒါဘီပွဲကို ဆင်နွဲကြရတော့မှာဖြစ်ပြီး ဒီပွဲမတိုင်ခင်မှာ မန်စီးတီးက နောက်ဆုံး ကစားထားတဲ့ ပြိုင်ပွဲစုံ (၁၀)ပွဲအတွင်း ရှုံးပွဲ (၁၀)ပွဲအထိတောင် ရှိထားရသလို ယူနိုက်တက်ကလည်း ပရီးမီးယားလိဂ် (၂)ပွဲဆက် ရှုံးပွဲကြံထားရပါတယ်။
Photo Credit : CNN
မန်ချက်စတာ နှစ်သင်းလုံးက လက်ရှိမှာ သိပ်ပြီး အခြေအနေမကောင်းကြပေမယ့် နောက်ဆုံး (၁၀)ပွဲမှာ (၁)ပွဲသာ အနိုင်ရထားတဲ့ မန်စီးတီးရဲ့ အခြေအနေက ပိုလို့တောင် ဆိုးရွှားနေရပါတယ်။ ဒါပေမယ့် ဖာနန်ဒက်စ်ကတော့ ကိုယ့်အသင်းရဲ့ အခြေအနေအပေါ်မှာသာ အာရုံစိုက်ထားရမယ်လို့ ပြောဆိုလာခဲ့ပါတယ်။
“သူတို့အသင်း လက်ရှိမှာ ဘယ်လိုပဲ ဖြစ်နေနေ ဒါဟာ ကျွန်တော်တို့အတွက်ကတော့ ဘာမှ မပြောင်းလဲပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ကိုယ့်အသင်းကိုပဲ စဉ်းစား တွေးတောရမှာ ဖြစ်လို့ပါပဲ။ ဒါက မန်စီးတီးနဲ့ ကြီးမားတဲ့ ဒါဘီပွဲကြီးဆိုတာကို ကျွန်တော်တို့ သိထားပါတယ်။”
Photo Credit : Opta Analyst
“ဒီပွဲက ကျွန်တော်တို့အသင်းရဲ့ ပရိသတ်တွေအတွက် အဓိပ္ပါယ် ရှိသလို ကျွန်တော်တို့လို ကစားသမားတွေအတွက်လည်း များစွာ အဓိပ္ပါယ်တွေ ရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဘာကိုမှ တွေးတောနေစရာ မလိုအပ်ပဲ ပွဲကို သေချာကစားပြီး နိုင်ပွဲ ရယူသွားဖို့သာ လိုအပ်ပါတယ်။ ဒီပွဲက ကြီမားပြီးတော့ သူတို့အသင်းမှာလည်း ကစားသမားကောင်းတွေ ရှိနေပါတယ်။”
“အခု သူတို့က လူတွေ မျှော်ထင့်ထားသလောက် နိုင်ပွဲတွေ သိပ်မရရှိဘဲ ဖြစ်နေရပါတယ်။ ဒါပေမယ့် သူတို့အသင်းရဲ့ အခြေအနေက အရေးမကြီးပါဘူး။ ကျွန်တော်တို့တွေ ကိုယ်ကိုကိုယ်ပဲ စဉ်းစားရပါမယ်။ ပွဲကို အနိုင်ရဖို့နဲ့ သူတို့ကို ဘယ်လို ဒုက္ခပေးနိုင်မလဲဆိုတာကိုပဲ အာရုံစိုက်သွားရမယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။