လတ်တလောမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေးကို ထွက်ပေါ်နေတဲ့ ရီးယဲလ်မက်ဒရစ် ကွင်းလယ်ကစားသမား ကက်စီမီရိုသာ အသင်းကနေ ထွက်ခွာဖြစ်ခဲ့မယ်ဆိုရင် ရီးယဲလ်အနေနဲ့ ကက်စီမီရိုနေရာမှာ ပြန်လည် အစားထိုးဖို့အတွက် နယူးကာဆယ်အသင်းရဲ့ ကွင်းလယ်လူ ဘရူနိုဂွီမာရေ့စ်ကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

Image

Photo Credit : Twitter

ယူနိုက်တက်အသင်းဟာ နွေဈေးကွက်တလျှောက်လုံး ဘာစီလိုနာအသင်းရဲ့ နယ်သာလန် ကွင်းလယ်ကစားသမား ဖရန်ကီဒီယွန်းကို ခေါ်ယူဖို့ နှစ်လနီးပါးလောက် ကြိုးပမ်းခဲ့သလို ဒီယွန်းမရနိုင်တဲ့ အချိန်မှာ အက်ဒရီယန်ရာဘီယူကို ပြောင်းလဲ ကြိုးပမ်းခဲ့ရာ အဆင်ပြေလုနီးပါး ဖြစ်ခဲ့ပြီးမှ ရာဘီယူက လစာပိုင်းမှာ တိုးမြှင့်တောင်းဆိုခဲ့ရာ အပြောင်းအရွှေ့က ပျက်ပြယ်သွားခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ ယူနိုက်တက်က ရီးယဲလ်ရဲ့ ကွင်းလယ်လူ ကက်စီမီရိုဘက်ကို အာရုံစိုက်လာခဲ့တာဖြစ်ပြီး အခုဆိုရင် ဒီအပြောင်းအရွှေ့က ဖြစ်ပေါ်လာဖို့ပါ နီးစပ်လာတဲ့ အခြေအနေထိ ရောက်လာခဲ့တာကြောင့် ရီးယဲလ်အနေနဲ့ ကက်စီမီရိုနေရာ အစားထိုးဖို့ပါ ကစားသမားတွေ ရှာဖွေနေရပါတယ်။

Image

Photo Credit : Twitter

ရီးယဲလ်က အခုနှစ် နွေဈေးကွက်ထဲမှာ ကွင်းလယ်ခံစစ်နေရာအတွက် မိုနာကိုရဲ့ DM ကစားသမားလေး ချူယာမန်နီကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့ ခေါ်ယူထားခဲ့တာဖြစ်သလို မနှစ်က ခေါ်ယူထားခဲ့တဲ့ ကာမာဗင်ဂါကလည်း defensive midfield နေရာ ကစားနိုင်သူဖြစ်လို့ ကက်စီမီရို ထွက်ခွာသွားရင်တောင် အဆင်ပြေနိုင်တယ် ဆိုပေမယ့် ကာမာဗင်ဂါရော ချူယာမန်နီပါ အသက်ငယ်ရွယ်သေးတဲ့ ကစားသမားတွေ ဖြစ်နေတာကြောင့် ကက်စီမီရိုနဲ့ တစ်နိုင်ငံတည်းသားတွေလည်းဖြစ် ယခင်ကတည်းက အသင်းရဲ့ ပစ်မှတ်လည်းဖြစ်တဲ့ ဂွီမာရေ့စ်ကို ခေါ်ယူအားဖြည့်ဖွယ် ရှိနိုင်တယ်လို့ စပိန်သတင်းစာ AS က ဖော်ပြလာပါတယ်။ အသက်(၂၄)နှစ်အရွယ်ရှိ ဘရာဇီးလ်လက်ရွေးစင် ကွင်းလယ်လူ ဂွီမာရေ့စ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ လိုင်ယွန်ကနေ နယူးကာဆယ်အသင်းဆီ ပေါင်သန်း(၄၀)နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းကို တန်းဆင်းဇုန်ထဲက လွတ်မြောက်အောင် အဓိကနေရာကနေ စွမ်းဆောင်ပေးနိုင်ခဲ့သလို နယူးကာဆယ်ရဲ့ အရေးအပါဆုံး ကစားသမားပါ ဖြစ်လာခဲ့ရပါတယ်။ ဂွီမာရေ့စ်ရဲ့ လက်ရှိတန်ကြေးက ပေါင်သန်း(၅၀)ဝန်းကျင်လောက် ရှိနေပေမယ့် သူရဲ့စာချုပ်က ၂၀၂၆ခုနှစ်အထိ သက်တမ်းရှိနေတာဖြစ်တဲ့အပြင် နယူးကာဆယ်ကလည်း အသင်းအတွက် အရေးပါလှတဲ့ ကစားသမားကို အလွယ်တကူ လက်လွတ်မသွားချင်တာကြောင့် ရောင်းချသွားဖွယ် မရှိနိုင်သလို ရောင်းချရမယ်ဆိုရင်တောင် ပြောင်းရွှေ့ကြေးကို များစွာ တောင်းဆိုလာဖွယ် ရှိနိုင်ပါတယ်။