ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဓိက ကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ ဘရူနို ဖာနန်ဒက် ကတော့ ယနေ့မနက်မှာ ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အစ္စတန်ဘူလ် အသင်းတို့ရဲ့ ပွဲစဉ်မှာ သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ဟက်ထရစ်ဂိုး သွင်းယူနိုင်မယ့် ပင်နယ်တီ တစ်လုံး ရရှိခဲ့ပေမယ့် အဆိုပါ ပင်နယ်တီကို အသင်းဖော် တိုက်စစ်မှူး ရက်ဖို့ဒ်အား ဘာ့ကြောင့် ကန်သွင်းခိုင်းခဲ့လဲ ဆိုတာကို ပွဲအပြီးမှာ ရှင်းပြ သွားခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းက အစ္စတန်ဘူလ်အသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ၄-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ဖာနန်ဒက်ဟာ အသင်းရဲ့ ဦးဆောင်ဂိုး နှစ်ဂိုးကို ပွဲကစားချိန် ၇မိနစ်နဲ့ ၁၈မိနစ်တို့မှာ သွင်းယူပေးနိုင်ခဲ့ပြီး ဟက်ထရစ်ရဖို့ နီးစပ်ခဲ့ပါတယ်။

Photo Credit: Standard

အဲ့ဒီနောက် ပွဲကစားချိန် ၃၅မိနစ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပင်နယ်တီ ကန်သွင်းခွင့် ရရှိခဲ့ပြီး ပုံမှန်အတိုင်း ဆိုရင် အသင်းရဲ့ ပင်တိုင် ပင်နယ်တီ ကန်သွင်းသူ ဖြစ်သလို ဟက်ထရစ် ရဖို့လည်း သွင်းဂိုး တစ်ဂိုးသာ လိုအပ်တော့တဲ့ ဖာနန်ဒက်က ပင်နယ်တီကို ကန်သွင်းသင့်ပေမယ့် ဖာနန်ဒက်ဟာ ရက်ဖို့ဒ်ကို ပင်နယ်တီ ကန်သွင်းခွင့် ပေးခဲ့ပါတယ်။ ရက်ဖို့ဒ်ကလည်း အဆိုပါ ပင်နယ်တီကို ဝင်အောင် ကန်သွင်းနိုင်ခဲ့ပြီး အဆိုပါ သွင်းဂိုးကြောင့် ရက်ဖို့ဒ်ရဲ့ ဒီရာသီ ချန်ပီယံလိဂ် သွင်းဂိုးဟာ ၅ဂိုးအထိ ရှိလာပြီး ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ဂိုးသွင်း အများဆုံး ကစားသမားစာရင်းရဲ့ ဒုတိယ နေရာမှာ ရပ်တည် နိုင်ခဲ့ပါတယ်။ ဖာနန်ဒက် ကတော့ သူဟာ အသင်းဖော် ရက်ဖို့ဒ်ရဲ့ ယုံကြည်ချက်ကို မြှင့်တင် ပေးချင်တာကြောင့် ဟက်ထရစ် ရမယ့် ပင်နယ်တီကို အခုလို ပေးကန်ခဲ့တာ ဖြစ်ကြောင်း ပြောကြား သွားခဲ့ပါတယ်။

Photo Credit: Standard

ရက်ဖို့ဒ်ကို ပင်နယ်တီ ပေးကန်ခဲ့တာနဲ့ ပတ်သတ်ပြီး ဖာနန်ဒက်က “ လူတိုင်းကတော့ ဟက်ထရစ် ရချင်ကြတာပါပဲ။ ဒါပေမယ့် ဝက်စ်ဘရွန်းအသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် အပြီးမှာ သူ့ကို ကျွန်တော် ပြောခဲ့ပါတယ်။ လာမယ့်ပွဲမှာ ပင်နယ်တီ ရခဲ့ရင် မင်း ကန်ရမယ် ဆိုပြီးပေါ့။ သူဟာ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ဂိုးသွင်း အများဆုံး ကစားသမားတွေထဲက တစ်ယောက်ပါ။ ဒီတော့ သူ့ကို အဲ့ဒီစာရင်းထဲမှာ ဆက်ပြီး မြင်တွေ့ရဖို့က အရေးကြီးတယ် လို့ ကျွန်တော် ထင်ပါတယ်။ အသင်းက သွင်းဂိုး ရတာဟာ ကျွန်တော် ဂိုးသွင်းရတာနဲ့ အတူတူပါပဲ” ဆိုပြီး ပြောကြား သွားခဲ့ပါတယ်။ လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အုပ်စုHရဲ့ အဆင့် ၁နေရာမှာ ရမှတ် ၉မှတ်နဲ့ ရပ်တည်နေပြီး နောက်တစ်ဆင့်ကို တက်လှမ်း နိုင်ဖို့ ရေပန်းစား နေပါတယ်။