မန်ချက်စတာယူနိုက်တက်အသင်းကတော့ စနေနေ့က ဝက်ဘရွန်းအသင်းကို အိမ်ကွင်းအိုးထရက်ဖိုဒ့်မှာ ဧည့်ခံကစားသွားခဲ့ပြီး အသင်းရဲ့အဓိကကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ရဲ့ တစ်လုံးတည်းသော ပင်နယ်တီသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ပထမဆုံးသော အိမ်ကွင်းနိုင်ပွဲကို ပိုင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီလို အနိုင်ရခဲ့သည်တိုင်အောင် အသင်းရဲ့စွမ်းဆောင်ရည် အဓိကအားဖြင့် အသင်းရဲ့တိုက်စစ်ပိုင်းစွမ်းဆောင်ရည်က အတော်လေးကို အားနည်းလွန်းနေတဲ့ အနေအထားကို ရောက်ရှိနေရတာကို တွေ့မြင်ထားခဲ့ရပါတယ်။

ယူနိုက်တက်အသင်းက ဒီရာသီ ပရီးမီးယားလိဂ်မှာ အိမ်ကွင်းပွဲစဉ်အဖြစ် (၅)ပွဲအထိ ယှဉ်ပြိုင်ကစားခဲ့ပြီး ခရစ္စတယ်ပဲလေ့စ် စပါး အာဆင်နယ်အသင်းတွေကို အရှုံးပေးခဲ့ရကာ ချယ်လ်ဆီးကိုလည်း သရေတစ်မှတ်ပဲရအောင် ကစားနိုင်ခဲ့ပါတယ်။ ဝက်ဘရွန်းနဲ့ပွဲမှသာ ပထမဆုံး အိမ်ကွင်းနိုင်ပွဲကို ပြန်လည်ပိုင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ဒီပွဲစဉ်(၅)ပွဲလုံးမှာ ချယ်လ်ဆီး အာဆင်နယ်အသင်းတွေနဲ့ ကစားခဲ့ရတဲ့ ပွဲစဉ်တွေအတွင်း သွင်းဂိုးမရယူနိုင်ခဲ့သလို စပါးကိုရှံးခဲ့တဲ့ပွဲနဲ့ ဝက်ဘရွန်းကို နိုင်ခဲ့တဲ့ပွဲတွေမှာ ရယူနိုင်ခဲ့တဲ့ ဂိုးတွေကလည်း ပင်နယ်တီတွေကနေသာ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ခရစ္စတယ်ပဲလေ့စ်ကို အရှုံးပေးခဲ့ရတဲ့ ပွဲစဉ်အတွင်းမှာပဲ ကစားသမားသစ် ဒွန်နီဗန်ဒယ်ဘိခ်က Open Play ကနေ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက်အသင်းအနေနဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ်တွေအတွင်း Open Play ကနေ ဂိုးမရနိုင်ခဲ့တာဟာ (၂)လအထိတောင် ရှိနေခဲ့ရပြီဖြစ်သလို အိမ်ကွင်း(၅)ပွဲမှာလည်း သွင်းဂိုးက (၃)ဂိုးပဲ သွင်းယူနိုင်ခဲ့ရပါတယ်။ ပိုဆိုးတာက ဒီ(၃)ဂိုးကို အသင်းရဲ့တိုက်စစ်မှူးတွေဖြစ်တဲ့ ရပ်ဖိုဒ့် မာစီယဲလ် ဂရင်းဝုဒ် ကာဗာနီတို့ သွင်းယူထားတာမဟုတ်ပဲ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ဗန်ဒယ်ဘိခ်နဲ့ ဖာနန်ဒက်စ်တို့က သွင်းယူထားတာ ဖြစ်နေရပါတယ်။ နောက်ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက အသင်းရဲ့တိုက်စစ်မှာ သွင်းဂိုးတွေများစွာ သွင်းယူခဲ့ပြီး ဥရောပရဲဲ့ အကောင်းဆုံး Trio တိုက်စစ်အတွဲအဖက်အဖြစ် သတ်မှတ်ခံလာရတဲ့ ရပ်ဖိုဒ့် မာစီယဲလ် ဂရင်းဝုဒ်တို့ (၃)ယောက်ရဲ့ ဒီရာသီလိဂ်သွင်းဂိုးတွေက အံ့အားသင့်စရာကောင်းလောက်တဲ့အထိကို ကျဆင်းသွားခဲ့ရပါတယ်။ ရပ်ဖိုဒ့်တစ်ဦးတည်းသာ ဒီရာသီမှာ ယူနိုက်တက်အတွက် လိဂ်သွင်းဂိုး (၂)ဂိုး သွင်းယူထားနိုင်ခဲ့ပြီး မာစီယဲလ်နဲ့ ဂရင်းဝုဒ်ဆိုရင် တစ်ဂိုးမှ မသွင်းယူနိုင်သေးပါဘူး။ အသင်းနဲ့ ပရီးမီးယားလိဂ်မှာ ပွဲထွက်ကစားသမားအဖြစ် မပါဝင်ရသေးတဲ့ ကာဗာနီကတော့ အဲဗာတန်နဲ့ပွဲမှာ တစ်ဂိုးသွင်းယူထားခဲ့ပါတယ်။ ဒီရာသီ ယူနိုက်တက်အတွက် လိဂ်ဂိုးအများဆုံး သွင်းယူထားသူကတော့ ဖာနန်ဒက်စ်ဖြစ်ပြီးတော့ (၆)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါကြောင့် ယူနိုက်တက်အနေနဲ့ နောက်ပိုင်းပွဲတွေအတွင်း အသင်းရဲ့တိုက်စစ်ပိုင်းနဲ့ပတ်သက်ပြီး ပြင်ဆင်မှုတွေ လုပ်ဆောင်ဖို့တော့ လိုအပ်နေပြီလို့ ထင်မိပါတယ်။