မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကွင်းလယ်တိုက်စစ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ဟာ အသင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ ရောက်ရှိလာခဲ့တာဖြစ်ပေမယ့် အသင်းနဲ့အတူ အလျင်အမြန် အထိုင်ကျခဲ့ပြီး အသင်းအတွက်ကိုလည်း အကောင်းဆုံးခြေစွမ်းတွေ ပြသပေးနိုင်ခဲ့ပေမယ့် ယူနိုက်တက်အသင်းကတော့ ဆုဖလားတွေနဲ့ ကပ်လွဲခဲ့ရတာကြောင့် လာမယ့်ဘောလုံးရာသီမှာ အကောင်းဆုံးကြိုးစားပြီး ဒီထက်မက ပိုပြီးကောင်းမွန်တဲ့ သူရဲ့ပုံစံတွေကိုပါ တွေ့မြင်လာရလိမ့်မယ်လို့ ကြံုးဝါးပြောဆိုလိုက်ပါတယ်။

Photo Credit : CNN International

အသက်(၂၅)နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်ကစားသမားဖာနန်ဒက်စ်ဟာ ပေါ်တူဂီစပို့တင်းလစ္စဘွန်းအသင်းကနေ ယူနိုက်တက်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး သူရောက်ရှိလာပြီးနောက်ပိုင်းကတည်းက ယူနိုက်တက်ဟာ တဖြည်းဖြည်းလမ်းကြောင်းမှန်ကို ပြန်လည်ရောက်ရှိခဲ့ရသလို ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ ပိုင်ဆိုင်ခဲ့ရပါတယ်။ အသင်းအပေါ် အကောင်းဆုံးစွမ်းဆောင်ပေးခဲ့တာတွေနဲ့ပတ်သက်ပြီး ဖာနန်ဒက်စ်က “ကျွန်တော်မှာ ဘာလျှို့ဝှက်ချက်မှ ရှိမနေဘူး။ ဒါက ကျွန်တော်လေ့ကျင့်ခန်းတွေ အများကြီးလုပ်လို့ပဲ ထင်ပါတယ်”

Photo Credit : CNN International

“ကျွန်တော်က ဂိုးသမားတွေ ဘယ်လိုအလုပ်လုပ်လဲ ဘယ်လိုနေရာယူလဲ ဂိုးဝင်လောက်မယ့် ကန်ချက်တွေကို ဘယ်လိုကာကွယ်သလဲဆိုတာတွေကို ဂရုတစိုက်လေ့လာလေ့ရှိတယ်။ ဒါတွေကိုရော ပွဲရဲ့အခြေအနေပေါ်မှာရောနဲ့ ကွင်းအတွင်းမှာဖြစ်ပေါ်နေတဲ့ ကျွန်တော်ရဲ့စိတ်ခံစားချက်တွေမှာရော အခြေခံပြီး ပင်နယ်တီကန်သွင်းမှုတွေကို ပြုလုပ်တာပါ။ ပင်နယ်တီကန်တာနဲ့ပတ်သက်ပြီး တခြားနည်းဗျူဟာတွေကိုတော့ ကျွန်တော်မသုံးပါဘူး။ နောက်ပြီး ပင်နယ်တီကန်ရင်းလည်း ကျွန်တော့်အတွက် သက်တောင့်သက်သာဖြစ်စေမယ့် ပုံစံနဲ့ပဲ ကန်တာပါ။ နေရာတစ်ခုမှာ အလျင်အမြန် အထိုင်ကျတာကတော့ ပင်ကိုစရိုက်ကြောင့်ပါပဲ။ လွန်ခဲဲ့တဲ့ နှစ်တွေတုန်းကတည်းက ကွင်းလယ်ပိုင်းမှာပဲ ကစားခဲ့တာဖြစ်သလို အသင်းပြောင်းဖြစ်ရင်လည်း ပိုတိုးတတ်လာအောင် လုပ်ဆောင်နိုင်ဖြစ်ခဲ့တယ်လေ။ ကျွန်တော်တို့က ဘောလုံးပျက်သွားပြီဆိုတာနဲ့ ဘောလုံးပြန်ရဖို့အတွက် ပထမဆုံးအနေနဲ့ အသင်းဖော် တိုက်စစ်ကစားသမားတွေနဲ့ ချိတ်ဆက်ပြီး ဘောလုံးပြန်ရအောင် ကြိုးစားတတ်ကြတယ်။ ကျွန်တော်ကတော့ ဘောလုံးရရှိနေဖို့နဲ့ အသင်းသားတွေ ဂိုးသွင်းနိုင်ဖို့ကို အဓိကထားပြီး ကစားပါတယ်။ ကျွန်တော်ပြီးခဲ့တဲ့ရာသီမှာ အသင်းအတွက် ဒါတွေကို လုပ်ပေးနိုင်ခဲ့တယ်ဆိုပေမယ့် ပိုပြီးတော့ လုပ်ပေးနိုင်သင့်တယ်လို့ ကျွန်တော်ယူဆမိတယ်။ လာမယ့်ရာသီမှာတော့ ကျွန်တော်ရဲ့ဂိုးဖန်တီးမှု အကြိမ်ရေတွေ ပိုတတ်လာတော့မယ် နောက်ပြီး အသင်းရဲ့တိုက်စစ်ကလည်း ပိုကြောက်စရာကောင်းလာတော့မယ်ဆိုတာ ယုံကြည်တယ်” လို့ ကြံုးဝါးပြောဆိုလိုက်ပါတယ်။