မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်ဇ်က စပါးအသင်းနဲ့ တစ်ဖက်ကိုတစ်ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ဒုတိယပိုင်းပွဲကစားချိန်မှာ သူနဲ့ ပေါလ်ပေါ့ဘာတို့ တွဲဖက်ကစားခွင့်ရခဲ့တဲ့အပေါ် ဝမ်းမြောက်မိခဲ့ရသလို လာမယ့်ပွဲစဉ်တွေအတွင်းမှာလည်း ဒီလိုတွဲဖက်ကစားခွင့်ရမယ်ဆိုရင် အသင်းရဲ့ ဒီရာသီ အမြင့်မားဆုံးမျှော်လင့်ချက်တစ်ခုဖြစ်တဲ့ ချန်ပီယံလိဂ်ဝင်ရောက်ကစားခွင့်ကိုပါ ပိုင်ဆိုင်ခွင့်ရနိုင်လိမ့်မယ်လို့ ကြံုးဝါးပြောဆိုလာခဲ့ပါတယ်။

Photo Credit : Nyob

ဖာနန်ဒက်စ်နဲ့ ပေါ့ဘာတို့ဟာ စပါးအသင်းနဲ့ ယှဉ်ပြိုင်ကစားရတဲ့ ပွဲစဉ်အတွင်းမှာ အတူတကွ ပွဲထွက်ကစားခွင့် မရခဲ့ပေမယ့် ပွဲကစားချိန်(၆၃)မိနစ်မှာတော့ ပေါ့ဘာက ဖရက်ဒ်ရဲ့နေရာမှာ လူစားဝင်ကစားခွင့်ရခဲ့ပြီး ဖာနန်ဒက်စ်နဲ့ တွဲကစားခဲ့ရသလို (၈၁)မိနစ်မှာလည်း ပေါ့ဘာကြောင့် ပိုင်ဆိုင်ခဲ့ရတဲ့ ပင်နယ်တီကို ဖာနန်ဒက်စ်က အဆုံးသတ်သွင်းယူနိုင်ခဲ့ပါတယ်။ အခုလို ကွင်းလယ်မှာ ပေါ့ဘာနဲ့ ပထမဆုံးအကြိမ် တွဲဖက်ကစားခဲ့ရတဲ့အပေါ် ဖာနန်ဒက်စ်က “ကျွန်တော်တို့တွေ လွန်ခဲ့တဲ့ရက်သတ္တပတ်တွေကတည်းက လေ့ကျင့်ခန်းတွေကို ကြိုးကြိုးစားစား လုပ်ဆောင်ထားတာပါ”

Photo Credit : Sky Sports

“လေ့ကျင့်ရေးအစီအစဉ်မှာတော့ ကျွန်တော်တို့က တစ်ဖွဲ့ချင်းစီ လေ့ကျင့်ရတာဖြစ်ပြီးတော့ ကျွန်တော်က ပေါ့ဘာအတူ လေ့ကျင့်ရတာဖြစ်လို့ ပွဲအတွင်းမှာကြတော့ ကျွန်တော်တို့ကြား ဆက်သွယ်မှုကိုရှာဖို့က ပိုလွယ်သွားတယ်။ ဒါပေမယ့် တစ်သင်းလုံးနဲ့ ချိတ်ဆက်နိုင်မယ့် ဆက်သွယ်မှုကို ရှာနိုင်မယ်ဆိုရင်တော့ ဒါက တစ်သင်းလုံးအတွက် အကျိုးရှိသွားမှာပါ။ ပေါ့ဘာလည်း ကျွန်တော့်လိုပဲ ထင်လိမ့်မယ်လို့ ကျွန်တော်ယူဆမိတယ်။ သူလည်း ပျော်ရွှင်နေမှာပါ။ သူကြောင့်ပင်နယ်တီရတယ်။ ဒါကို ကျွန်တော်က ကန်သွင်းတယ်။ ဒါက အသင်းအတွက် အရေးအကြီးဆုံးပါပဲ။ ဘယ်သူဂိုးသွင်းမလဲ ဘယ်သူဖန်တီးပေးမလဲဆိုတာထက် အသင်းအနိုင်ရဖို့ကပဲ ပိုပြီးအရေးကြီးပါတယ်။ ရှေ့ဆက်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကျွန်တော်တို့တွေ ဆက်လက်ကြိုးစားရပါမယ်။ ကျွန်တော်တို့ထက်က အသင်းတွေနဲ့ အမှတ်ကပ်နေအောင်လည်း ကြိုးစားနေရပါမယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ယူနိုက်တက်အသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့်(၅)နေရာမှာပဲ ဆက်လက်ရပ်တည်နေပြီး အဆင့်(၄)နေရာက ချယ်လ်ဆီးအသင်းနဲ့ ရမှတ်(၂)မှတ် ကွာဟလို့နေပါတယ်။