၂၀၂၀ ခုနှစ် ၊ ဒီဇင်ဘာလ အတွက် ပရီးမီးယားလိဂ်ရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆု ကိုတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဓိက ကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ ဘရူနို ဖာနန်ဒက်က ရရှိသွားခဲ့ပါတယ်။ ဒါဟာ ဖာနန်ဒက်အတွက် ၂၀၂၀ ခုနှစ် အတွင်းမှာ ၄ကြိမ်မြောက် ရရှိခဲ့တဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆု ဖြစ်ပြီး ဖာနန်ဒက်ဟာ ဖေဖော်ဝါရီလ ၊ ဇွန်လနဲ့ နိုဝင်ဘာလတို့ မှာလည်း ပရီးမီးယားလိဂ်ရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုတွေကို ရရှိခဲ့ပါတယ်။ ဒီဇင်ဘာလ အတွင်းမှာ ဘရူနို ဖာနန်ဒက်ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၆ပွဲ ပါဝင် ကစားခဲ့ရာ သွင်းဂိုး ၃ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Standard

အဆိုပါ စွမ်းဆောင်ရည်ကြောင့် ဖာနန်ဒက်ဟာ ဒီဇင်ဘာလ အတွက် တစ်လတာ အကောင်းဆုံး ကစားသမားဆု ကို အငြင်းပွားဖွယ်ရာ မရှိ ဆွတ်ခူး ရရှိခဲ့ပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲ တစ်လျှောက် ပြက္ခဒိန်နှစ် တစ်နှစ် အတွင်းမှာ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ၄ကြိမ်တိုင်တိုင် ရရှိခဲ့တဲ့ ပထမဦးဆုံး ကစားသမား အဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။ ဖာနန်ဒက်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့ကမှ ရောက်ရှိခဲ့သူ ဖြစ်ပေမယ့် အသင်းအတွက် ၁၂လ ပါဝင် ကစားပြီးချိန်မှာ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ၄ကြိမ် အထိ ရရှိခဲ့ကာ အသင်းရဲ့ ဂန္တဝင် ကစားသမား တစ်ဦးဖြစ်တဲ့ ရိုနယ်ဒိုရဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အတူ ရရှိဖူးတဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆု အရေအတွက်ကို ၁နှစ်ထဲနဲ့ လိုက်မှီခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Standard

ဒါ့အပြင် ဖာနန်ဒက်ဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို အကြိမ်ရေ အများဆုံး ရရှိခဲ့တဲ့ ကစားသမား စာရင်းရဲ့ စတုတ္ထနေရာကို ရောက်ရှိလာကြောင်း သိရပါတယ်။ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို အကြိမ်ရေ အများဆုံး ရရှိထားတဲ့ ကစားသမား ကတော့ မန်ချက်စတာ စီးတီးအသင်းရဲ့ ဝါရင့် တိုက်စစ်မှူး အဂူရို ဖြစ်ပြီး အဂူရိုဟာ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ၈ကြိမ် အထိ ရရှိထားပါတယ်။ ဒီဇင်ဘာလ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့မှုနဲ့ ပတ်သတ်ပြီး ဖာနန်ဒက်က “ကျွန်တော်က ကောင်းမွန်တဲ့ လတစ်လကို ပိုင်ဆိုင်ခဲ့ပါတယ်။ (ဒီဇင်ဘာလ) ကျွန်တော်က အဲ့ဒီလ အတွင်းမှာ သွင်းဂိုး ၃ဂိုး သွင်းယူ နိုင်ခဲ့သလို ဂိုးဖန်တီးမှု ၄ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ပြီး နံပါတ် ၁၀ ကစားသမား တစ်ဦးအနေနဲ့ ကိုယ်တိုင် ဂိုးသွင်းယူနိုင်ခဲ့သလို အသင်းဖော်တွေကို ဖန်တီးပေး နိုင်ခဲ့တာ အတွက် ကျေနပ်စရာ ကောင်းပါတယ်” လို့ ပြောကြား သွားပါတယ်။