မန်ယူအသင်းရဲ့ ကွင်းလယ် ကစားသမား ဖာနန်ဒက်စ်က လက်ရှိရာသီမှာ ယူရိုပါလိဂ် ဆီမီး ဖိုင်နယ် အဆင့်နဲ့ ရပ်တန့်ဖို့ မထိုက်တန်ဘူးလို့ ပြောသွားခဲ့ပြီး လာမယ့် အနာဂတ်မှာ ဆုဖလားတွေ များစွာကို သိမ်းပိုက်ကြမယ်လို့ သူ့ရဲ့ တရားဝင် အင်စတာဂရမ်မှာ ကြုံးဝါး ရေးသားခဲ့ပါတယ်။ မန်ယူအသင်းဟာ လက်ရှိရာသီမှာ အက်ဖ်အေ ဖလား ဆီမီး ဖိုင်နယ်၊ ကာရာဘောင် ဖလား ဆီမီး ဖိုင်နယ် နဲ့ ယူရိုပါလိဂ် ဆီမီး ဖိုင်နယ် စသဖြင့် ဆီမီး ဖိုင်နယ် (၃) ခုကို တက်လှမ်းနိုင်ခဲ့ပေမယ့်လည်း ဗိုလ်လုပွဲစဉ်ကို မရောက်နိုင်ခဲ့ဘဲ ဆီမီး ဖိုင်နယ်ကနေသာ ပြုတ်သွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

မန်ယူအသင်းဟာ ကာရာဘောင် ဖလား ဆီမီး ဖိုင်နယ် ပွဲစဉ်မှာ မန်စီးတီးအသင်းကို ရှုံး၊ အက်ဖ်အေ ဖလား ဆီမီး ဖိုင်နယ် ပွဲစဉ်မှာ ချဲလ်ဆီးအသင်းကို ရှုံး၊ ယူရိုပါလိဂ် ဆီမီး ဖိုင်နယ် ပွဲစဉ်မှာ ဆီဗီလာအသင်းကို ရှုံးခဲ့တာကြောင့် လက်ရှိရာသီမှာ ဆီမီးဖိုင်နယ်ပွဲစဉ် (၃) ပွဲက ထွက်ခဲ့ရပါတယ်။ ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ လွန်ခဲ့တဲ့ ဇန်နဝါရီလမှာ မန်ယူအသင်းကို ရောက်ရှိလာခဲ့စဉ်ကတည်းက မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ် (၂၂) ပွဲ ကစားခဲ့ရာမှာ သွင်းဂိုး (၁၂) ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး အနာဂတ်မှာ ဆုဖလားတွေ များစွာ ရယူကြမယ်လို့ ရေးသားသွားခဲ့ပါတယ်။

Photo Credit: Goal

ဖာနန်ဒက်စ်က “ကံဆိုးစွာနဲ့ ကျွန်တော်တို့ရဲ့ ယူရိုပါလိဂ် ခရီးက ဒီမှာတင် အဆုံးသတ်ခဲ့ပါပြီ။ ဒီအဆင့်က ကျွန်တော်တို့ မျှော်လင့်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဗိုလ်လုပွဲစဉ်ကို တက်လှမ်းချင်ပြီး ကျွန်တော်တို့ လိုချင်တဲ့ ဆုဖလားအတွက် တိုက်ပွဲဝင်ချင်ပါတယ်။ ကျွန်တော်တို့ ဆီဗီလာအသင်းကို ဗိုလ်လုပွဲစဉ်အထိ တက်လှမ်းနိုင်ခဲ့တာအတွက် ဂုဏ်ပြုတဲ့ အချိန်မှာ ကျွန်တော်တို့လည်း ကောင်းစွာ ကစားခဲ့ပြီး ဒီအဆင့်မှာ ရပ်တန့်ဖို့ မထိုက်တန်ဘူး။ အခုက အနားယူပြီး ပြန်သုံးသပ်ရမယ့် အချိန်ပါ။ ဒါမှ ကျွန်တော်တို့ ပိုကောင်းတဲ့ ပုံစံနဲ့ ပြန်လာနိုင်မှာ ဖြစ်ပြီး လာမယ့် ရာသီမှာ ကျွန်တော်တို့ရဲ့ ပန်တိုင်းကို ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လ အနည်းငယ်က မန်ယူအသင်းမှာ ကျွန်တော့်ကို ကြိုဆိုခဲ့ကြတဲ့ အသင်းဖော်တွေ နဲ့ အသင်းရဲ့ ဝန်ထမ်းတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့နဲ့ အတူ သင်ယူပြီး ကြီးပြင်လာဖို့ မျှော်လင့်ပါတယ်။ နောက်ပြီးတော့ အနာဂတ်မှာ ဆုဖလားတွေ များစွာကို သိမ်းပိုက်ကြပါမယ်”လို့ အင်စတာဂရမ်မှာ ရေးသားခဲ့တာပဲ ဖြစ်ပါတယ်။