ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ မန်ယူအသင်းရဲ့ အဓိက ကွင်းလယ်လူ တစ်ဦး ဖြစ်တဲ့ ပေါ်တူဂီ ကြယ်ပွင့် ဘရူနို ဖာနန်ဒက် ကတော့ သူ့ရဲ့ နိုင်ငံလက်ရွေးစင် အသင်းဖော် ဖြစ်တဲ့ စီရိုနယ်ဒိုဟာ သူ့ကို မန်ယူအသင်းရဲ့ အကြောင်းတွေ အမြဲတမ်း မေးလေ့ရှိကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်မှာ အီတလီ စီးရီးအေကလပ် ဂျူဗင်တပ်အသင်းမှာ ကစားနေတဲ့ ပေါ်တူဂီ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရိုနယ်ဒိုဟာ မန်ယူအသင်းနဲ့အတူ ဥရောပ ဘောလုံးစင်မြင့်ပေါ်မှာ စတင် တောက်ပလာခဲ့သူ ဖြစ်ပြီး သူ့ရဲ့ ပထမဦးဆုံး ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဆုကိုလည်း မန်ယူအသင်းနဲ့ အတူ ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit: Metro

ရိုနယ်ဒိုဟာ သူ့ရဲ့ အိမ်မက်အသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းဆီ ပြောင်းရွှေ့ဖို့ အတွက် မန်ယူအသင်းကို စွန့်ခွာသွားခဲ့ပေမယ့် လက်ရှိ အချိန်အထိ အသင်းဟောင်း အပေါ် သံယောဇဉ် ရှိနေဆဲ ဖြစ်ပြီး အသင်းဟောင်းရဲ့ အကြောင်းတွေကို အမြဲတမ်း မေးမြန်းစုံစမ်းလေ့ ရှိသူပါ။ မန်ယူအသင်းထံကို ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့ကမှ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်း အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဘရူနို ဖာနန်ဒက်ဟာလည်း ရိုနယ်ဒိုရဲ့ အကြံပေးမှုအရ မန်ယူအသင်းဆီကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့သူ တစ်ဦးပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဘရူနို ဖာနန်ဒက်က သူဟာ ရိုနယ်ဒိုနဲ့ မကြာခဏ ဆိုသလို စကားပြောလေ့ ရှိပြီး ရိုနယ်ဒိုဟာ သူနဲ့ စကားပြောတိုင်း မန်ယူအသင်းရဲ့ အခြေအနေတွေကို အမြဲ မေးလေ့ရှိတယ် လို့ ပြောကြား သွားခဲ့ပါတယ်။

Photo Credit: Metro

ရိုနယ်ဒို တစ်ယောက် မန်ယူအသင်းရဲ့ အကြောင်းတွေကို အမြဲတမ်း မေးမြန်းလေ့ ရှိကြောင်းကို ဖာနန်ဒက် ” ကျွန်တော့်ရဲ့ အိမ်မက် က ပရီးမီးယားလိဂ်မှာ ကစားခွင့် ရဖို့ပါ။ မန်ယူအသင်းထံ ပြောင်းရွှေ့ခွင့် ရတဲ့ အချိန်မှာတော့ ကျွန်တော့်ရဲ့ အိမ်မက်နှစ်ခုစလုံးဟာ တစ်ခါထဲနဲ့ ပြည့်စုံသွားပါတယ်။ ကျွန်တော်က မန်ယူအသင်းဆီ ပြောင်းရွှေ့မယ့် ကိစ္စနဲ့ ပတ်သတ်ပြီး ရိုနယ်ဒိုနဲ့ စကားပြောဆိုခဲ့ဖူးပါတယ်။ ပြီးတော့ သူကလည်း ကျွန်တော့်ကို မန်ယူအသင်းရဲ့ အကြောင်းတွေ အများကြီး ပြောပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ သူနဲ့ စကားပြောဖြစ်ခဲ့ပါသေးတယ်။ သူနဲ့ စကားပြောဖြစ်တိုင်း သူက မန်ယူအသင်းရဲ့ အနေအထားက ဘယ်လို ရှိလဲ ၊ အရာအားလုံး အဆင်ပြေနေရဲ့လား ဆိုတာတွေကို မေးလေ့ ရှိပါတယ်။ သူဟာ မန်ယူအသင်းမှာ အချိန်အကြာကြီး ကစားခဲ့ပြီး မန်ယူအသင်းကို အမြဲတမ်း အလေးထားသူ တစ်ဦးပါ။ သူဟာ မန်ယူအသင်းကို သဘောကျပါတယ်။ သူ့ရဲ့ ကစားသမား ဘဝ ပထမဦးဆုံး ကမ္ဘာ့ အကောင်းဆုံး ကစားသမားဆုကိုလည်း မန်ယူအသင်းနဲ့အတူ ရခဲ့တာပဲလေ။ ဒီတော့ မန်ယူအသင်းက သူ့ရဲ့ ရင်ထဲမှာ စွဲကျန်နေတာဟာ မထူးဆန်းပါဘူး ” လို့ ပြောကြားသွားခဲ့တာပါ။