ပြီးခဲ့တဲ့ ဆောင်းရာသီအပြောင်းအရွှေ့စျေးကွက်ကမှ စပို့တင်းလစ္စဘွန်းအသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့လာခဲ့တဲ့ ပေါ်တူဂီကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းကို သူရောက်ရှိလာပြီးနောက်မှာ အသင်းက ပိုမိုတိုးတတ်လာခဲ့ပြီး သူရဲ့သွင်းဂိုးတွေ ဂိုးဖန်တီးမှုတွေကြောင့်လည်း ယူနိုက်တက်အသင်းက ပြိုင်ပွဲစုံမှာ ရှံးပွဲ(၂)ပွဲပဲ ရှိခဲ့တဲ့အထိ ပုံစံကောင်းတွေ ပြလာနိုင်ခဲ့ပေမယ့်လည်း လူအများစုက သူ့ကို ပင်နယ်တီကနေသာ ဂိုးသွင်းတတ်တဲ့သူလို့ ဝိုင်းသတ်မှတ်နေကြတဲ့အပေါ် ဖာနန်ဒက်စ်ဘက်ကနေ ပြန်လည်တုန့်ပြန်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : GiveMeSport

အသက်(၂၅)နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ ဘောလုုံးရာသီတုန်းက ယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ်ပွဲပေါင်း(၁၄)ပွဲအထိ ပါဝင်ကစားခဲ့ကာ သွင်းဂိုး(၈)ဂိုးနဲ့ ဂိုးဖန်တီးမှု(၇)ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ကာ သွင်းဂိုးအများစုကိုတော့ ပင်နယ်တီတွေကနေ သွင်းယူခဲ့တာဖြစ်လို့ သူူ့ကို လူတော်တော်များများကနေ ပင်နယ်ဒိုဖာနန်ဇက်စ်လို့ လှောင်ပြောင်ခေါ်ဆိုလာကြတဲ့အပေါ် ဖာနန်ဒက်စ်ဘက်က တုန့်ပြန်ပြောဆိုလာခဲ့ပါတယ်။ ဖာနန်ဒက်စ်က “လူတွေက ပြောနေတာကို ကျွန်တော်ကြားရတယ်။ သူက ပင်နယ်တီကနေပဲ ဂိုးတွေသွင်းယူနေတတ်တဲ့ သူဆိုပြီးပေါ့လေ”

Photo Credit : GiveMeSport

“ဒါပေမယ့် ကျွန်တော်သွင်းယူခဲ့တဲ့ ပင်နယ်တီသွင်းဂိုးတွေဖယ်ပြီး အချက်အလက်တွေကို ပြန်လည်စစ်ဆေး ကြည့်ရှုကြည့်မယ်ဆိုရင်တော့ ပရီးမီးယားလိဂ်ပြိုင်ပွဲထဲက ကွင်းလယ်ကစားသမားတွေထဲကမှ အသင်းအတွက် မြင့်မားတဲ့ ဂိုးပါဝင်ပတ်သက်မှုတွေ စွမ်းဆောင်နိုင်တဲ့ ကစားသမားဆိုလို့ ကျွန်တော်ရဲ့အထက်မှာ ဒီဘရိုင်းတစ်ယောက်တည်းသာ ရှိနေပါတယ်” လို့ A Bola နဲ့ အင်တာဗျူးမှာ ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် စပါးအသင်းရဲ့နည်းပြမော်ရင်ဟိုက ဖာနန်ဒက်စ်ကို ကမ္ဘာပေါ်မှာ ပင်နယ်တီကန်သွင်းတာ အကောင်းဆုံးကစားသမားလို့ ခနဲ့ခဲ့တာနဲ့ပတ်သက်ပြီးတော့ကိုလည်း ဖာနန်ဒက်စ်က “ကျွန်တော် ဒီမှတ်ချက်နဲ့ပတ်သက်ပြီး ဘယ်လိုမှကို မခံစားရပါဘူး။ ဒါအရိုးသားဆုံး ပြောပြတာပါ။ ကျွန်တော်ကိုယ်ကျွန်တော်လည်း ပင်နယ်တီသွင်းယူမှုကောင်းတဲ့ ကစားသမားလို့ပဲ သတ်မှတ်ထားတာလေ။ မော်ရင်ဟိုရဲ့စကားနဲ့ပတ်သတ်ပြီးတော့ကိုလည်း သူက ကျွန်တော်ကို ပင်နယ်တီကောင်းကောင်း ကန်သွင်းတတ်သူလို့ပဲ ပြောသွားချင်တာနေမှာပါ။ ကျွန်တော်က အကောင်းပဲမြင်တတ်ပါတယ်။ ဒါကလည်း အမှန်တရားပဲလေ။ ကျွန်တော်ယူနိုက်တက်အသင်းကို မရောက်ခင်ကတည်းက ပင်နယ်တီအကန်ကောင်းခဲ့တာပဲ” လို့ ပြန်လည်ဖြေရှင်းပြောဆိုသွားခဲ့ပါတယ်။