မန်ယူ ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ မန်ယူအသင်းကို ရောက်ရှိလာတာ (၃) လထဲကို ဝင်ရုံရှိသေးပေမဲ့လည်း ဖေဖော်ဝါရီလမှာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ဖေဖော်ဝါရီလ အကောင်းဆုံး ပရီးမီးယားလိဂ် ကစားသမားဆုကို ထိုက်ထိုက်တန်တန် ရယူ ခွတ်ခူးသွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ လွန်ခဲ့တဲ့ (၂) လက ဇန်နဝါရီလ အပြောင်းအရွေ့ ဈေးကွက်မှာ စပို့တင်းလစ္စဘွန်အသင်းကနေ မန်ယူအသင်းကို ကနဦး ပြောင်းရွေ့ကြေး ပေါင် (၄၆.၆) သန်းနဲ့ ပြောင်းရွေ့လာခဲ့ပြီး ဖေဖော်ဝါရီလမှာ မန်ယူအသင်းရဲ့ ပွဲစဉ်တိုင်းကို ပွဲထွက်ကစားခဲ့ပါတယ်။

Photo Credit: Twitter

ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ ဖေဖော်ဝါရီလအတွင်းမှာ ကစားသွားခဲ့ကြတဲ့ မန်ယူအသင်းရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တိုင်းကို ကစားခွင့် ရရှိခဲ့ပြီး ပရီးမီးယားလိဂ် ပွဲစဉ် (၃) ပွဲ ကစားခဲ့ရာမှာ သွင်းဂိုး (၂) ဂိုး နဲ့ ဂိုးဖန်တီးမှု (၁) ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး အကောင်းဆုံးဆုကို ရရှိသွားခဲ့ပါတယ်။ မန်ယူ ကွင်းလယ် ဖန်တီးရှင် ဖာနန်ဒက်စ်ဟာ ဖေဖော်ဝါရီလ အကောင်းဆုံး ပရီးမီးယားလိဂ် ကစားသမားဆုကို ရရှိပြီးတဲ့ အချိန်မှာ သူက မန်ယူအသင်းရဲ့ အိုးထရက်ဖို့ဒ်ကွင်းမှာ ကစားရတာက သူ့ရဲ့ ဘဝမှာ အကြီးဆုံး အိပ်မက်ပါလို့ Premier League ဝက်ဆိုဒ်မှာ ပြောသွားခဲ့ပါတယ်။

Photo Credit: Twitter

ဖာနန်ဒက်စ်က “ကျွန်တော် ငယ်ငယ်လေးကတည်းက မန်ယူအသင်းအတွက် ကစားပေးဖို့က အိပ်မက်ပါပဲ။ အိုးထရက်ဖို့ဒ်ကွင်းမှာ ကစားရတာက ကျွန်တော့်ရဲ့ ဘဝမှာ အကြီးဆုံး အိပ်မက် ဖြစ်ပါတယ်။ အသင်းသစ်ကို ရောက်သွားပြီဆိုရင် ဘယ်ကစားသမားမဆို ဂိုးတွေကို အမြဲတမ်း သွင်းချင်ကြမှာပါ။ ပထမဆုံး သွင်းဂိုးက စပယ်ရှယ်ပါပဲ။ ပထမဆုံးဂိုးကို ဘယ်လို သွင်းသလဲ ဆိုတာ အရေးမကြီးပါ။ အရေးကြီးတာက ပထမဆုံးဂိုးရဲ့ တန်ဖိုးပါ။ ကျွန်တော့်ရဲ့ စတင်မှုနဲ့ ကျွန်တော် ပျော်ရွင်ပါတယ်။ အခုအချိန်ကစပြီး ပိုကောင်းအောင် ပိုပေးဆပ် ကစားသွားမှာပါ” လို့ ပရီးမီးယားလိဂ် ဝက်ဆိုဒ်မှာ သူ့ရဲ့ အနာဂတ် ပေးဆပ်မှု အကြောင်း ပြောပြသွားပါတယ်။