မန်ယူအသင်းကွင်းလယ်လူ ဖာနန်ဒက်စ်ကတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် (၃) နေရာနဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိခဲ့ပြီးတဲ့နောက် လက်ရှိရာသီမှာ မန်ယူအသင်းရဲ့ နောက်ထပ် ပစ်မှတ်က ယူရိုပါလိဂ် ဆုဖလားကို ရရှိဖို့ ဖြစ်ပါတယ်လို့ အခိုင်အမာ ပြောကြားသွားလိုက်တာ ဖြစ်ပါတယ်။ ကွင်းလယ် ကစားသမား ဖာနန်ဒက်စ်ဟာ တနင်္ဂနွေနေ့ညက ပရီးမီးယားလိဂ် နောက်ဆုံး ပွဲစဉ် အဖြစ် လက်စတာစီးတီးအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ အဖွင့်ဂိုး သွင်းယူခဲ့ပြီး လူစားဝင်ကစားတဲ့ လင်ဂတ်ရဲ့ အပိတ်ဂိုးကြောင့် မန်ယူအသင်းက ပေးဂိုးမရှိ (ဝ-၂) ရလဒ်နဲ့ အနိုင်ပိုင်းပစ်ခဲ့ပါတယ်။

Photo Credit: SkySports

နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ လက်စတာစီးတီးအသင်းနဲ့ ပွဲစဉ်က ရရှိခဲ့တဲ့ ပင်နယ်တီ အပါအဝင် လက်ရှိရာသီမှာ ပင်နယ်တီ (၁၄) ကြိမ် ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ် သမိုင်းမှာ တစ်ရာသီအတွင်း ပင်နယ်တီ အများဆုံး ရရှိတဲ့ အသင်း အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ မန်ယူအသင်းဟာ ယူရိုပါလိဂ် (၁၆) သင်းအဆင့် ပထမအကျော့ ပွဲစဉ်မှာ LASK အသင်းကို (၅) ဂိုးပြတ် အနိုင်ရရှိခဲ့တာကြောင့် နောက်တစ်ဆင့် တက်သွားဖို့ သေချာသလောက် ရှိနေပြီ ဖြစ်ပြီး ကွင်းလယ်လူ ဖာနန်ဒက်စ်က ယူရိုပါလိဂ် ဖလားကို ရရှိချင်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

Photo Credit: SkySports

ကွင်းလယ်လူ ဖာနန်ဒက်စ်က “အခု ကျွန်တော်တို့ရဲ့ ပစ်မှတ်ကတော့ ယူရိုပါလိဂ်ပဲ ဖြစ်ပါတယ်။ ဘာလို့လဲဆိုရင် ဒီပြိုင်ပွဲက တကယ် ကောင်းတဲ့ ဖလား ဖြစ်ပြီးတော့ ကျွန်တော်တို့ ရချင်ပါတယ်။ ကျွန်တော် မန်ယူအသင်းကို ဆုဖလား ရရှိဖို့ ပြောင်းလာခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပွဲတိုင်း အနိုင်ရဖို့ ကစားရပါလိမ့်မယ်။ တကယ်လို့ ကျွန်တော်တို့ ယူရိုပါလိဂ် ပြိုင်ပွဲ ပြန်စပြီး ပွဲစဉ်တိုင်းကို အနိုင်ရရှိမယ် ဆိုရင် ကျွန်တော်တို့ ဆုဖလား ရမယ် ဆိုတာ သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သိပ် မပျော်ပါဘူး။ ဘာလို့လဲဆိုရင် ဒီအသင်း နဲ့ ဒီကစားသမားတွေက အသင်းအတွက် ဒီထက် ပိုပြီး ယူဆောင်လာပေးနိုင်တယ် ဆိုတာကို သိကြလို့ပါပဲ။ ကျွန်တော်တို့ ဆုဖလားအချို့ကို ရရှိဖို့ တိုက်ပွဲဝင်နိုင်တဲ့ အရည်အချင်း ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်”လို့ ပြောကြားသွားခဲ့ပါတယ်။