ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ယူအသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှား ကတော့ ယနေ့ညမှာ ကစားမယ့် ပီအက်စ်ဂျီအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းခေါင်းဆောင် ရာထူးကို အသင်းရဲ့ အဓိက ကွင်းလယ် ကစားသမား တစ်ဦးဖြစ်တဲ့ ဘရူနို ဖာနန်ဒက်ကို ပေးအပ်သွားမှာ ဖြစ်ကြောင်း ယနေ့မနက် အစောပိုင်းမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အတည်ပြု သွားခဲ့ပါတယ်။ မနက်ဖြန် မနက် ၁နာရီခွဲ အချိန်မှာ ယှဉ်ပြိုင် ကစားကြမယ့် ပီအက်စ်ဂျီအသင်းနဲ့ မန်ယူအသင်းတို့ရဲ့ ပွဲစဉ်ဟာ လတ်တလောမှာ ပရိသတ်တွေ စိတ်အဝင်စားဆုံး ပွဲစဉ်တစ်ပွဲ ဖြစ်နေပြီး အသင်းကြီးနှစ်သင်း ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်သလို ၂၀၁၈ခုနှစ် နှစ်သင်းကြား ထိပ်တိုက် တွေ့ဆုံဖူးတာတွေကြောင့် ပွဲစဉ်ဟာ အတော်လေးကို အကြိတ်အနယ် ရှိလာဖို့ မျှော်လင့်ထားပါတယ်။

Photo Credit: Talksport

ပီအက်စ်ဂျီအသင်းနဲ့ ပွဲစဉ်ကိုတော့ မန်ယူအသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်သူ မက်ဂွိုင်းယားဟာ တင်ပါးဒဏ်ရာကြောင့် လွဲချော်ခဲ့ပြီး မက်ဂွိုင်းယား မပါဝင်နိုင်တဲ့ အချိန်မှာ ဘယ်သူ့ကို အသင်းခေါင်းဆောင် အဖြစ် ခန့်အပ်မလဲဆိုတာကို ပရိသတ်် အများစုက သိချင်ခဲ့ကြကာ ဆိုးလ်ရှားကတော့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲကို သူနဲ့အတူ တက်ရောက် လာခဲ့တဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်ဟာ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူသွားမှာ ဖြစ်ကြောင်း ပြောကြားသွားပါတယ်။ ဆိုးလ်ရှားဟာ ဘရူနို ဖာနန်ဒက်ကို အသင်းခေါင်းဆောင် အဖြစ် တာဝန်ပေးအပ်မယ့် အကြောင်းကို သတင်းစာ ရှင်းလင်းပွဲ ရောက်မှသာ အသိပေး ခဲ့တာ ဖြစ်ပြီး သူဟာ မန်ယူအသင်းရဲ့ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူရတော့မယ်လို့ သိလိုက်ရတဲ့ အချိန်မှာ ဖာနန်ဒက်ဟာ အတော်လေး အံ့အားသင့် သွားတာကိုလည်း မြင်တွေ့ခဲ့ ရပါတယ်။

Photo Credit: Talksport

မန်ယူအသင်းရဲ့ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူရမယ့် အပေါ် သူ့ရဲ့ ခံစားချက်တွေကို ဖာနန်ဒက်က အခုလိုပဲ ပြောကြား သွားခဲ့ပါတယ်။ ဖာနန်ဒက်က “ကျွန်တော့် အတွက်တော့ ဒါက ဂုဏ်ယူစရာ တစ်ခုပါ။ ကျွန်တော့် အသင်းဖော်တွေ အတွက် ကျွန်တော်ဟာ အသင်းခေါင်းဆောင် လုပ်ရမှာ ဖြစ်သလို မန််ယူအသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်ခွင့်ရတာက ကျွန်တော့အတွက် ကြီးမားတဲ့ ဆုလာဘ် တစ်ခုပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ အားလုံးဟာ ခေါင်းဆောင်တွေလို့ ကျွန်တော် ထင်ပါတယ်။ လူတိုင်းဟာ အသင်းကို ကူညီဖို့ လိုအပ်သလို သူတို့နည်း သူတို့ဟန််နဲ့ အသင်းကို ခေါင်းဆောင် ရမှာပါ။ ခေါင်းဆောင်မှု ဆိုတာက တစ်ယောက်နဲ့ တစ်ယောက် မတူညီကြပါဘူး။ မနက်ဖြန််ဟာ ကျွန်တော် တစ်ယောက်ထဲ အတွက် မဟုတ်ပါဘူး။ တစ်သင်းလုံးနဲ့ ဆိုင်ပါတယ်” ဆိုပြီး ဖွင့်ဟ ပြောကြား သွားခဲ့တာပါ။