မနေ့ညက ဥရုဂွေးအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ၂၀၂၂ကမာ္ဘာ့ဖလား အုပ်စုပွဲစဉ်အတွင်း ပေါ်တူဂီအသင်းအတွက် သွင်းဂိုး(၂)ဂိုးလုံးကို သွင်းယူခဲ့တဲ့ ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်က အသင်းရဲ့ သွင်းဂိုးတွေကို ဘယ်ကစားသမားကပဲ သွင်းသွင်း အသင်းနိုင်ပွဲရဖို့ကသာ အရေးကြီးတယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

Photo Credit : Minmin TV Cp

မနေ့က ပွဲစဉ်အတွင်း ပေါ်တူဂီအသင်း စတင် ရရှိခဲ့တဲ့ အဖွင့်ဂိုးမဟာ ဂိုးဧရိယာထဲ ရောက်ရှိနေတဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒိုဆီကို ဖာနန်ဒက်စ် ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးက ရော်နယ်လ်ဒို ခေါင်းတိုက်လိုက်ရင်း ဂိုးဝင်သွားတယ်လို့ ထင်ခဲ့ရလို့ ဂိုးသွင်းသူအဖြစ် ရော်နယ်လ်ဒိုလို့ သတ်မှတ်ခဲ့ပေမယ့် အနှေးပြကွက်မှာတော့ ရော်နယ်လ်ဒိုနဲ့ ထိသွားခြင်းမရှိတာကြောင့် မိနစ်အနည်းငယ် အကြာမှာပဲ ဂိုးသွင်းသူအဖြစ် ဖာနန်ဒက်စ်ကို ပြောင်းလဲ သတ်မှတ်သွားခဲ့ပါတယ်။ ဒီအကြောင်းကိစ္စနဲ့ ပတ်သတ်ပြီး ဖာနန်ဒက်စ်က “ဒီအချိန်မှာ ဘယ်သူကပဲ ဂိုးသွင်းသွင်း ဒါက အရေးမကြီးဘူးလို့ ထင်ပါတယ်”

Photo Credit : Daily Mail

“အဲ့ဒီတုန်းက ခရစ္စတီယာနိုဆီကို ကျွန်တော် ဘောလုံးပို့ပေးလိုက်ချိန်မှာ သူ ဘောလုံးနဲ့ ထိမိသွားတယ်လို့ ခံစားမိတယ်။ ဒါပေမယ့် တကယ် အရေးကြီးတာက ဒီနေ့ညမှာ အရမ်းခက်ခဲတဲ့ ပြိုင်ဘက်ကို အနိုင်ရဖို့ပါပဲ။ ကျွန်တော်တို့အတွက် အရေးကြီးတာက အုပ်စုပထမနေရာ ရရှိနေဖို့ ရှေ့လာမယ့်ပွဲစဉ်ကိုပါ အနိုင်ယူပြီး အုပ်စုအတွင်း ရှုံးပွဲမရှိ ဖြစ်နေဖို့ပါ။ ဒါတွေကသာ ကျွန်တော် ဖြစ်ချင်နေတဲ့ အရာတွေပါ။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ ပွဲစဉ်တွေကို တစ်ပွဲချင်းစီအလိုက် အာရုံစိုက်သွားဖို့ပါပဲ” လို့ ပြောဆိုသွားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်နဲ့ ပေါ်တူဂီအသင်းတို့ရဲ့ ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ဟာ ဂါနာနဲ့ပွဲစဉ်မှာလည်း ပေါ်တူဂီအတွက် အရေးပါလှတဲ့ ဂိုးဖန်တီးမှု(၂)ကြိမ် ပြုလုပ်နိုင်ခဲ့သလို ဥရုဂွေးနဲ့ ပွဲစဉ်မှာလည်း ဂိုး(၂)ဂိုးလုံးကိုပါ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း လက်ရှိအချိန်အထိ ဂိုးဖန်တီးမှု အများဆုံး လုပ်ဆောင်ထားနိုင်တဲ့ ကစားသမားအဖြစ် သတ်မှတ်ခံထားရသလို (၂)ပွဲဆက်တိုက်အထိ အကောင်းဆုံး စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။