ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အစ္စတန်ဘူလ် အသင်းတို့ရဲ့ ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ဦးဆောင်ဂိုး နှစ်ဂိုး သွင်းယူ ပေးနိုင်ခဲ့တဲ့ ပေါ်တူဂီ ကွင်းလယ်လူ ဖာနန်ဒက်ဟာ အဆိုပါသွင်းဂိုး နှစ်ဂိုးကြောင့် ဂုဏ်ယူစရာ ကောင်းတဲ့ မှတ်တမ်းကောင်း တစ်ခုကို ပိုင်ဆိုင်ခဲ့ကြောင်း သိရပါတယ်။ ဘရူနို ဖာနန်ဒက် ပိုင်ဆိုင်ခဲ့တဲ့ မှတ်တမ်း ကတော့ သူ့အနေနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဆီကို ပြောင်းရွှေ့လာတဲ့ အချိန်ကစပြီး လက်ရှိ အချိန်အတိုင်းအတာ အတွင်းမှာ ပရီးမီးယားလိဂ်ရဲ့ ပြိုင်ပွဲစုံ သွင်းဂိုး အများဆုံး ကစားသမား ဖြစ်နေတဲ့ မှတ်တမ်းကောင်း တစ်ခုပဲ ဖြစ်ပါတယ်။

Photo Credit: Sky Sports

မန်ချက်စတာ ယူနိုက်တက်အသင်းက အစ္စတန်ဘူလ်အသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ၄-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ဖာနန်ဒက်ဟာ ပွဲကစားချိန် ၇မိနစ်မှာ အပြင်းကန်ချက်နဲ့ သွင်းဂိုး တစ်ဂိုး ၊ ပွဲကစားချိန် ၁၈မိနစ်မှာ တစ်ဖက် ဂိုးသမားရဲ့ ဘောလုံး ပုတ်ထုတ်ပုံ မသေသပ်တာကြောင့် သူ့ရှေ့ကို ကျလာတဲ့ ဘောလုံးအား ပိတ်သွင်းယူကာ သွင်းဂိုးတစ်ဂိုး စုစုပေါင်း ဦးဆောင်ဂိုး နှစ်ဂိုးအထိ သွင်းယူ ပေးနိုင်ခဲ့ပါတယ်။ အဆိုပါ သွင်းဂိုးနှစ်ဂိုးကြောင့် ဘရူနို ဖာနန်ဒက်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်း အတွက် ပြိုင်ပွဲစုံ ၃၅ပွဲ ပါဝင် ကစားခဲ့ရာမှာ သွင်းဂိုး ၂၁ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၃ကြိမ်အထိ ပြုလုပ် ထားနိုင်တဲ့ မှတ်တမ်းကောင်း တစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက် အသင်းဟာလည်း အစ္စတန်ဘူလ် အသင်းကို အနိုင်ရခဲ့တာကြောင့် နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့ ပိုမို အခြေအနေ ကောင်းသွားခဲ့ပါတယ်။

Photo Credit: Sky Sports

နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Sky Sports သတင်းဌာန ကတော့ ဖာနန်ဒက် တစ်ယောက် မန်ချက်စတာ ယူနိုက်တက် အသင်းထံ ရောက်ရှိတဲ့ အချိန်မှစကာ လက်ရှိ အချိန် အတောအတွင်းမှာ ပရီးမီးယားလိဂ်ရဲ့ ဘယ်ကစားသမားကမှ သူ့ရဲ့ ဂိုးသွင်းနှုန်းကို လိုက်မမှီဘူးလို့‌ ဖော်ပြ ထားပါတယ်။ ဖာနန်ဒက်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပင်တိုင် ပင်နယ်တီ ကန်သွင်းသူ ဖြစ်တာကြောင့် သူ့သွင်းဂိုးတွေရဲ့ ထက်ဝက် နီးပါးဟာ ပင်နယ်တီတွေ ဖြစ်နေပေမယ့် ကွင်းလယ် ကစားသမား တစ်ဦးအတွက် အခုလို ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်တာဟာ အတော်လေးကို ကြီးမားတဲ့ စွမ်းဆောင်ရည်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ လက်ရှိ ဘောလုံး ရာသီမှာလည်း မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်နေကြောင်း သိရှိ ရပါတယ်။ ဖာနန်ဒက်ဟာ လက်ရှိ ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ပြိုင်ပွဲစုံမှာ ၁၃ပွဲ အထိ ပါဝင် ကစားပေးထားကာ သွင်းဂိုး ၉ဂိုး သွင်းယူပေးထားပြီး ဂိုးဖန်တီးမှု ၅ကြိမ် အထိ ပြုလုပ် ထားနိုင်သူပါ။