မန်ယူ နည်းပြ ဆိုးလ်ရှားကတော့ ယနေ့ည (၈း၃၀) အချိန်၊ ဝက်ဖို့ဒ်အသင်းနဲ့ ကစားရမယ့် ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲစဉ် မတိုင်ခင်မှာ ကွင်းလယ်လူ ဖာနန်ဒက်စ်ကို ချီးကျူးခဲ့ပါတယ်။ မန်ယူ နည်းပြ ဆိုးလ်ရှားက ကွင်းလယ်လူ ဖာနန်ဒက်စ်ရဲ့ ခြေစွမ်းဟာ မန်ယူအသင်းရဲ့ ဂန္တဝင် ကွင်းလယ် ကစားသမားဟောင်း ပေါလ် စခိုးလ်ကို သတိရစေပါတယ်လို့ ပြောသွားခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ စပို့တင်းအသင်းကနေ မန်ယူအသင်းကို ပေါင် (၄၆.၆) သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး မန်ယူအသင်းအတွက် ပွဲစဉ် (၃) ပွဲ ကစားထားပြီးသား ဖြစ်ပါတယ်။

Photo Credit: Goal

ပေါလ် စခိုးလ်ဟာ ကစားသမားဘဝ တစ်လျှောက်လုံးကို မန်ယူအသင်းမှာ ကုန်ဆုံးခဲ့ပြီး မန်ယူ အသင်းအတွက် နှစ် (၂၀) ကျော်ကြာ ကစားခဲ့ရာမှာ ပရီးမီးယားလိဂ် ဖလား (၁၁) ခုကို ရရှိခဲ့ပါတယ်။ ပေါလ်စခိုးလ်ဟာ မန်ယူအသင်းမှာ (၁၉၉၃) ခုနှစ်ကနေ (၂၀၁၃) ခုနှစ်အထိ ကစားခဲ့ပြီး မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ (၇၁၈) ပွဲ ကစားထားရာမှာ သွင်းဂိုး (၁၅၅) ဂိုး သွင်းယူထားခဲ့ပါတယ်။ နည်းပြ ဆိုးလ်ရှားဟာ မန်ယူ ကစားသမားဘဝမှာ ပေါလ် စခိုးလ်နဲ့ အသင်းဖော်တွေ ဖြစ်ခဲ့ကြပြီး သူက ဖာနန်ဒက်စ်ရဲ့ ကစားဟန်က ပေါလ် စခိုးလ်ကို သတိရစေပါတယ်လို့ ချီးကျူးခဲ့ပါတယ်။

Photo Credit: Goal

နည်းပြ ဆိုးလ်ရှားက “ဖာနန်ဒက်စ်က ကစားသမားအနေနဲ့ ဆိုရင် ပေါလ် စခိုးလ်ကို သတိရစေပါတယ်။ ဒါပေမဲ့ သူက ကွင်းပြင်ပမှာ ကိုယ်ရည်ကိုယ်သွေး လုံးဝကို ခြားနားပါတယ်။ ကလပ်ဘရူဂေးအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ သူ အရန်ခုံမှာ ထိုင်နေတဲ့ အချိန်မှာ သူ လျှောက်သွားပြီး ဘယ်သူ ပွဲထွက် ကစားရမလဲ ဆိုတာ လိုက်ပြောပြပါတယ်။ သူက အသင်းဖော်တွေကို ကူညီပါတယ်။ သူက အသင်းဖော်တွေကို ရမှတ်တွေ ပေးပါတယ်။ သူ ဝင်ကစားခဲ့တဲ့ ပွဲချိန် (၁၀) မိနစ်အတွင်း ကျွန်တော်တို့အသင်း ခြားနားသွားတယ် ဆိုတာကို မြင်ကြမှာပါ။ သူက အနိုင်ရချင်ပါတယ်။ သူက (၉၉) ရာခိုင်နှုန်းကို ကောင်းတယ်လို့ မသတ်မှတ်ပါဘူး။ သူ့ကို လေးစားမိပါတယ်။ သူ့ကို ကြည့်လိုက်ရင် ဒါတွေက မြင်ရတာတွေပါ။ သူက ထိပ်သီးအဆင့်ပါပဲ”လို့ ချီးကျူးသွားပါတယ်။