ပေါ်တူဂီ ကွင်းလယ်လူ ဖာနန်ဒက်စ်ကတော့ မန်ယူအသင်းမှာ ကစားခဲ့ကြတဲ့ နိုင်ငံချင်းတူ ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒို နဲ့ ပေါ်တူဂီ တောင်ပံ ကစားသမား နာနီတို့လို မန်ယူအသင်းနဲ့ အတူ ဆုဖလား အများကြီး ရရှိချင်ပါတယ်လို့ ပြောသွားပါတယ်။ တိုက်စစ်မှူး ရော်နယ်ဒို နဲ့ တောင်ပံလူ နာနိတို့ဟာ မန်ယူအသင်း ကစားခဲ့ကြစဉ်က ဆုဖလားတွေ အများကြီး ရရှိခဲ့ကြပြီး ရော်နယ်ဒိုက (၆) နှစ်ခန့်ကြာ ကစားခဲ့ရာမှာ ပရီးမီးယားလိဂ် ဆုဖလား (၃) ကြိမ် နဲ့ နာနီကတော့ (၈) နှစ်ခန့်ကြာ ကစားခဲ့ရာမှာ ပရီးမီးယားလိဂ် ဆုဖလား (၄) ကြိမ် ရရှိခဲ့ပါတယ်။

Photo Credit: Goal

တိုက်စစ်မှူး ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာတော့ အီတလီနိုင်ငံက ဂျုဗင်တပ်အသင်းအတွက် ကစားနေပြီး နာနီကတော့ မေဂျာလိဂ်ကလပ် အော်လန်ဒိုအသင်းမှာ ကစားလျက် ရှိပါတယ်။ ရော်နယ်ဒို၊ နာနီတို့နဲ့ နိုင်ငံချင်းတူ ပေါ်တူဂီ ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ မန်ယူအသင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွေ့ ဈေးကွက်မှာ ရောက်ရှိလာခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ မန်ယူအသင်းမှာ သိပ်မကြာသေးပေမဲ့လည်း ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံးကို ရရှိခဲ့ပြီး ဖြစ်ပြီး ရော်နယ်ဒို နဲ့ နာနီတို့လို မန်ယူအသင်းနဲ့ အတူ ဆုဖလားတွေ ရရှိချင်တယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

Canal 11 မှာ ဖာနန်ဒက်စ်က “ခရစ်စတီယာနို ရော်နယ်ဒို နဲ့ နာနီတို့က ဒီအသင်းမှာ ကြီးမားတဲ့ ဆုဖလားတွေကို ရရှိခဲ့ပြီး ကျွန်တော်လည်း သူတို့လို ရရှိချင်ပါတယ်။ နာနီနဲ့ ဆိုရင် ကျွန်တော် စပို့တင်းအသင်းမှာ လေ့ကျင့်ရေး အတူ လုပ်ခဲ့ကြပါတယ်။ သူက ကျွန်တော့်ကို မန်ယူအသင်း အကြောင်းကို အမြဲတမ်း ပြောပြခဲ့ပါတယ်။ ကျွန်တော် အပြောင်းအရွေ့ ပြုလုပ်နေတဲ့ အချိန်မှာ ရော်နယ်ဒိုက ကောင်းတဲ့ အချက်ကို ပြောခဲ့ပြီး သူ့လို ကစားသမားက ကျွန်တော့်ရဲ့ တန်ဖိုးကို အသိအမှတ် ပြုပေးတာကြောင့် ကျွန်တော် ဂုဏ်ယူပါတယ်”လို့ ပြောသွားခဲ့တာပဲ ဖြစ်ပါတယ်။ အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲကို ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ဧပြီလ (၃၀) ရက်နေ့အထိ ရပ်နားထားပြီး ဇွန်လ (၁) ရက်နေ့မှာ ပြန်လည် စတင်ဖို့ ခက်ခဲနေတဲ့ သဘောမှာ ရှိပါတယ်။