ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိက ကွင်းလယ်တိုက်စစ် ကစားသမား ဘရူနို ဖာနန်ဒက်ဟာ ပွဲပေါင်းများစွာကို ဆက်တိုက် ဆိုသလို ကစားခဲ့ရတာကြောင့် ပွဲပန်းမှုဝေဒနာကို ခံစားနေရပြီး တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားမယ့် လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ အင်္ဂလန်ဒါဘီကို လွဲချော်ဖွယ် ရှိကြောင်း မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဆိုးလ်ရှားက အတည်ပြုသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်းနှစ်သင်း ဖြစ်တဲ့ လီဗာပူးအသင်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ ဆုံတွေ့တဲ့ ပွဲစဉ်ကို အင်္ဂလန်ဒါဘီလို့ သတ်မှတ်ထားပြီး သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲစဉ်တိုင်းဟာ အကြိတ်အနယ် ရှိသလို နှစ်သင်းစလုံးကလည်း တသင်းထက် တသင်း သာအောင် အမြဲတမ်း ကြိုးစားလေ့ ရှိပါတယ်။

Photo Credit: Express

ဒါကြောင့်ပဲ လီဗာပူးအသင်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ဟာ တနင်္ဂနွေနေ့မှာ ကစားမယ့် ပွဲစဉ်မှာ သူတို့အသင်းတွေရဲ့ အတောင့်တင်းဆုံး လူစာရင်းကို ထုတ်သုံးပြီး အနိုင်ရဖို့ ကြိုးစားသွားမှာ ဖြစ်ပြီး ဘရူနို ဖာနန်ဒက် မပါဝင်နိုင်ခြင်းက မန်ချက်စတာ ယူနိုက်တက်အသင်းကို အားလျော့စေနိုင်ပါတယ်။

ဘရူနို ဖာနန်ဒက်ဟာ ဒဏ်ရာပြဿနာတွေ ရရှိထားခြင်း မရှိပေမယ့် ပြီးခဲ့တဲ့ ကြားရက်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အတ္တလန်တာအသင်းနဲ့ ပွဲစဉ်မှာ ထိခိုက်ဒဏ်ရာ တချို့ ရရှိထားသလို မောပန်းနွမ်းနယ်မှုကိုပါ ခံစားနေရတာကြောင့် လီဗာပူးအသင်းနဲ့ပွဲကို လွဲချော်ဖွယ် ရှိကြောင်း မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ အတည်ပြုခဲ့ပါတယ်။

Photo Credit: Express

ဆိုးလ်ရှားက – “ ဗုဒ္ဓဟူးနေ့မှာ ကစားတဲ့ ပွဲစဉ်တိုင်းက ကစားသမားတွေကို အမြဲတမ်း ထိခိုက်ဒဏ်ရာ ရရှိစေပါတယ်။ အတ္တလန်တာနဲ့ပွဲမှာ ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ ကစားသမား ၂ယောက် ၊ ၃ယောက် ရှိပါတယ်။ ဘရူနိုကလည်း အဲ့ဒီ ကစားသမားတွေထဲက တဦးပါ။ ဒါကြောင့် သူက လီဗာပူးနဲ့ပွဲကို လွဲချော်နိုင်ပါတယ်။ ဒါပေမယ့် သူကတော့ အဲ့ဒီပွဲမှာ ပါဝင် ကစားနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပါတယ်” ဆိုပြီး ဖွင့်ဟ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။