ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ဘရူနို ဖာနန်ဒက်ဟာ စနေနေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၃-၂ စပါး ပွဲစဉ်မတိုင်မီ ဖျားနာခဲ့လို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရမှု ရှိ ၊ မရှိကို စစ်ဆေးကြည့်ရာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း သိရပါတယ်။

အသက် ၂၇နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်ဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၃၆ပွဲ ပါဝင် ကစားထားရာ သွင်းဂိုး ၉ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁၄ကြိမ် ပြုလုပ်ထားနိုင်သူပါ။

Photo Credit: Metro

မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့် အင်္ဂါနေ့ညမှာ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ ပွဲစဉ်အဖြစ် လာလီဂါ ထိပ်သီးကလပ် အက်သလက်တီကို မက်ဒရစ်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရဖို့ ရှိနေပြီး ဘရူနို ဖာနန်ဒက်ကသာ အဆိုပါပွဲကို လွဲချော်ခဲ့ရင် မန်ချက်စတာ ယူနိုက်တက်အနေနဲ့ အက်သလက်တီကို မက်ဒရစ်ကို အနိုင်ယူနိုင်ဖို့ အနည်းငယ် ရုန်းကန်ရဖွယ် ရှိပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ အက်သလက်တီကို မက်ဒရစ်တို့ဟာ ပထမအကျော့ အဖြစ် စပိန်မြေမှာ ကစားခဲ့စဉ်က တဖက် တဂိုးစီ သရေကျခဲ့တာကြောင့် ဒုတိယအကျော့ အဖြစ် အင်္ဂလန်မြေမှာ ကစားရမယ့် ပွဲစဉ်မှာ နှစ်သင်းစလုံး အတွက် နောက်တဆင့်ဆီ တက်ရောက်နိုင်မယ့် အခွင့်အရေး ဆတူ ရှိနေပါတယ်။

Photo Credit: Metro

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြ ရန်းဂ်နစ်က အက်သလက်တီကို မက်ဒရစ်နဲ့ ရင်ဆိုင် ကစားရမယ့် ပွဲစဉ်မှာ အသင်းရဲ့ အဓိက ကစားသမား အစုံအလင်ကို အသုံးပြုချင်နေပြီး ရန်းဂ်နစ်က ဘရူနို ဖာနန်ဒက် တယောက် အက်သလက်တီကို မက်ဒရစ်နဲ့ပွဲကို လွဲချော်မလား ၊ ပါဝင် ကစားနိုင်မလား ဆိုတာကို နောက်ဆုံးအချိန် အထိ စောင့်ကြည့်ပြီးမှ ဆုံးဖြတ်သွားမယ်လို့လည်း ဆိုထားပါတယ်။