ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိက ကွင်းလယ်တိုက်စစ် ကစားသမား ဘရူနို ဖာနန်ဒက်ကတော့ ဗီလာအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက် ချေပဂိုး သွင်းယူနိုင်မယ့် ပင်နယ်တီကို လွဲချော်ခဲ့တာကြောင့် ပွဲအပြီးမှာ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေကို တောင်းပန်စကား ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်(၆) အဖြစ် ဗီလာအသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရပေမယ့် ၀-၁ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပြီး ပြိုင်ပွဲစုံ ၂ပွဲဆက်တိုက် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပြီး အဆိုပါ နှစ်ပွဲစလုံးကိုလည်း အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Standard

ဗီလာအသင်းနဲ့ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ တပွဲလုံးနီးပါး ဗီလာအသင်းဘက်ကို ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် သွင်းဂိုးတွေ ရရှိဖို့ အဓိကကျတဲ့ အဆုံးသတ် ဂိုးသွင်းယူမှု အားနည်းခဲ့တာကြောင့် လိုအပ်တဲ့ သွင်းဂိုးတွေ ရယူနိုင်ခဲ့ခြင်း မရှိပဲ ဗီလာအသင်းကတော့ နောက်ခံလူ ဟောက်စ်ရဲ့ နောက်ကျ အနိုင်ဂိုးနဲ့ အနိုင် ၃မှတ်ကို ရယူနိုင်ခဲ့တာပါ။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဦးဆောင်ဂိုး ခွင့်ပြုခဲ့ရပြီးနောက် တရစပ် တိုက်စစ်ဆင် ကစားခဲ့တာကြောင့် ပွဲကစားချိန် မိနစ် ၉၀ကျော်မှာ ပင်နယ်တီ ရရှိခဲ့ပြီး အဆိုပါ ပင်နယ်တီကို တပွဲလုံး ခြေစွမ်းပြထားတဲ့ ဒုတိယ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်က တာဝန်ယူ ကန်သွင်းခဲ့ပေမယ့် သူ့ရဲ့ ကန်သွင်းချက်က ဂိုးဘားတန်းကို ကျော်သွားခဲ့တာကြောင့် ချေပဂိုး ရရှိခဲ့ခြင်း မရှိပဲ ယခုရာသီရဲ့ ပထမဦးဆုံး ပရီးမီးယားလိဂ်ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

Photo Credit: Standard

ဘရူနို ဖာနန်ဒက်ကတော့ သူ့ရဲ့ ပင်နယ်တီ လွဲချော်ခဲ့မှု အတွက် ပရိသတ်တွေကို ပွဲအပြီးမှာ ချက်ချင်းပဲ တောင်းပန်စကား ပြောကြားသွားခဲ့ပါတယ်။ ဖာနန်ဒက်က – “ပင်နယ်တီ လွဲချော်တာနဲ့ နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့တဲ့ အတွက် ဘယ်သူကမှ ကျွန်တော့်လောက် စိတ်ပျက်မယ် မထင်ပါဘူး။ ကျွန်တော်က အမြဲတမ်း ကိုယ့်ရဲ့ တာဝန်ကို ကျေပွန်အောင် ကြိုးစားသလို အခုလိုမျိုး ဖိအားများတဲ့ အခြေအနေတွေမှာလည်း အကောင်းဆုံး စွမ်းဆောင်နိုင်အောင် ကြိုးစားခဲ့ပါတယ်။ ဒီနေ့ပွဲမှာတော့ ကျွန်တော့်ဘက်က တာဝန်မကျေခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်က ရှေ့ဆက်သွားပါဦးမယ်။ အသင်းရဲ့ မျှော်မှန်းချက်တွေ အတွက် စိန်ခေါ်မှုတွေ ကြုံလာတဲ့ အခါ အခုလိုပဲ ရဲရဲရင့်ရင့်နဲ့ တာဝန်တွေ ဆက်ယူသွားပါမယ်။ ပြီးတော့ ဘောလုံးကိုလည်း ဂိုးပိုက်ထဲ ရောက်အောင် သွင်းပေးပါဦးမယ်။ ဝေဖန်မှုတွေကတော့ ဘောလုံးလောကရဲ့ အဓိကကျတဲ့ အစိတ်အပိုင်း တခု ဖြစ်သလို ကျွန်တော်ကလည်း အဲ့ဒါနဲ့ အသားကျနေပါပြီ။ ဝေဖန်မှုတွေကို ကျွန်တော့်ရဲ့ တိုးတက်မှု အတွက် အသုံးဝင်တဲ့ အရာတွေ အဖြစ်လည်း ပြောင်းလဲထားပါတယ်။ ကျွန်တော့် အတွက် အရေးအကြီးဆုံးက အသင်းအတွက် ၊ အသင်းဖော်တွေ အတွက် အကောင်းဆုံး ကစားသမား တဦး ဖြစ်နေအောင် အစွမ်းကုန် ကြိုးစားဖို့ပါပဲ” လို့ တောင်းပန်သွားခဲ့တာပဲ ဖြစ်ပါတယ်။