ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ သူ့ရဲ့ ကလပ် မန်ချက်စတာ ယူနိုက်တက်ကို လူသိရှင်ကြား ပြန်လည် ဝေဖန်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ပေါ်တူဂီကြယ်ပွင့် ခရစ္စတီယာနို ရိုနယ်ဒိုက ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပေါ်တူဂီအသင်းနဲ့အတူ လေ့ကျင့်ခန်းတွေ ပြုလုပ်ဖို့ ပေါ်တူဂီအသင်း အခြေစိုက်ရာ နေရာဆီ ရောက်လာပြီးတဲ့နောက် သူနဲ့ နိုင်ငံတူ ၊ ကလပ်တူ အသင်းဖော် တဦး ဖြစ်တဲ့ ဘရူနို ဖာနန်ဒက်နဲ့ ဆက်ဆံရေး အဆင်မပြေတော့ဘူးလို့ သိရပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရိုနယ်ဒိုက ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာပဲ သူ့ရဲ့ အမာခံ ပရိသတ် တဦး ဖြစ်သလို အစီအစဉ် တင်ဆက်သူလည်း ဖြစ်တဲ့ ပီယာ့စ် မော်ဂန်နဲ့အတူ မန်ချက်စတာ ယူနိုက်တက်ရဲ့ အကြောင်း ၊ သူ့ကို ဝေဖန်နေတဲ့ လူတွေအကြောင်းနဲ့ သူ့ရဲ့ အကြောင်းကို ပြောပြတဲ့ အင်တာဗျူး တခု ပြုလုပ်ခဲ့ပြီး အဆိုပါ အင်တာဗျူးကြောင့်ပဲ လက်ရှိမှာ ရိုနယ်ဒိုဟာ ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

Photo Credit: Express

ရိုနယ်ဒိုနဲ့ ပီယာ့စ် မော်ဂန်တို့ရဲ့ အင်တာဗျူးဟာ စုစုပေါင်း မိနစ် ၉၀ အထိ ရှိတယ်လို့ သိထားရပြီး အဆိုပါ အင်တာဗျူး အပြည့်အစုံကို လာမယ့် ဗုဒ္ဓဟူးနေ့မှာ ထုတ်ဖော် ပြသသွားမယ်လို့လည်း အစီအစဉ် တင်ဆက်သူ ပီယာ့စ် မော်ဂန်က ဆိုပါတယ်။

ရိုနယ်ဒိုရဲ့ အင်တာဗျူးက ယခုချိန်အထိ ထွက်ပေါ်လာခြင်း မရှိသေးပေမယ့် အဆိုပါ အင်တာဗျူးအတွင်းမှာ ရိုနယ်ဒို ပြောခဲ့တဲ့ စကားတချို့ကို ပီယာ့စ် မော်ဂန်က ဗွီဒီယို အတိုလေးတွေ ထုတ်ကာ သူ့ရဲ့ ပေ့ချ်တွေမှာ တင်ခဲ့ပြီး အဆိုပါ ဗွီဒီယိုတွေထဲမှာ ရိုနယ်ဒိုက သူဟာ မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်ကို လေးစားမှု မရှိသလို မန်ချက်စတာ ယူနိုက်တက်က သူ့ကို သစ္စာဖောက်ခဲ့ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Photo Credit: Express

ရိုနယ်ဒိုရဲ့ အဆိုပါ အင်တာဗျူးကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ် ၊ ယူနိုက်တက် အသင်းသားတွေနဲ့ တာဝန်ရှိသူတွေ အားလုံးက ရိုနယ်ဒိုကို စိတ်ပျက်နေကြပြီး ရိုနယ်ဒိုရဲ့ နိုင်ငံလက်ရွေးစင် အသင်းဖော် နှစ်ဦး ဖြစ်သူ ဒါးလော့နဲ့ ဘရူနို ဖာနန်ဒက်တို့ကလည်း ရိုနယ်ဒိုရဲ့ အပြုအမူကြောင့် ရိုနယ်ဒိုအပေါ်မှာ လေးစားမှု မရှိတော့ဘူးလို့ ယူနိုက်တက်နဲ့ နီးစပ်သူတွေက ဆိုထားကြပါတယ်။

ပေါ်တူဂီ လက်ရွေးစင်အသင်းက ထုတ်ပြန်ခဲ့တဲ့ ဗွီဒီယို တခုမှာလည်း ဘရူနို ဖာနန်ဒက်က အသင်းရဲ့ အဝတ်လဲခန်းထဲ ဝင်ရောက်လာချိန်မှာ ရိုနယ်ဒိုကို နှုတ်ဆက်ခဲ့ပေမယ့် သူ့ရဲ့ နှုတ်ဆက်မှုဟာ အသက်မပါခဲ့သလို ဘရူနို ဖာနန်ဒက်က ရိုနယ်ဒို ကမ်းပေးတဲ့ လက်ကို ဆုပ်ကိုင်ကာ နှုတ်ဆက်ဖို့လည်း တွန့်ဆုတ်နေခဲ့ပါတယ်။ ဒါ့အပြင် ဖာနန်ဒက်က ရိုနယ်ဒိုကို စကားတချို့ ပြောခဲ့ပြီး အဆိုပါစကားကြောင့် ရိုနယ်ဒိုရဲ့ မျက်နှာ ကွက်ခနဲ ပျက်သွားတာကိုလည်း ဗွီဒီယိုထဲမှာ သိသိသာသာ မြင်တွေ့ခဲ့ရပါတယ်။

ဒါကြောင့်ပဲ ရိုနယ်ဒိုက သူ့ရဲ့ အင်တာဗျူးကြောင့် နိုင်ငံတူ ၊ ကလပ်တူ အသင်းဖော်ဖြစ်တဲ့ ဖာနန်ဒက်နဲ့ ဆက်ဆံရေး အဆင်မပြေမှုတွေ ရှိလာခဲ့သလို ရိုနယ်ဒိုရဲ့ နောက်ထပ် ကလပ်အသင်းဖော် တဦး ဖြစ်သူ ဒါးလော့ကလည်း ရိုနယ်ဒိုနဲ့အတူ လေ့ကျင့်ခန်း လုပ်နေချိန်မှာ မပျော်မရွှင် ဖြစ်နေခဲ့တယ်လို့ ပေါ်တူဂီရဲ့ အမည်မဖော်လိုတဲ့ ဝန်ထမ်းတယောက်က ပြောကြားထားပါသေးတယ်။