MySport Myanmar

ဒိုင်ရဲ့ တောင်းပန်မှု မရခဲ့တာကြောင့် ဒေါသထွက်မိရတယ်လို့ ဘရူနို ဝန်ခံ

မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်က ဖူလ်ဟမ်နဲ့ပွဲစဉ်မှာ သူပင်နယ်တီမကန်မီ ကွင်းလယ်ဒိုင်လူကြီး ခရစ္စ ကာဗာနာက သူ့ကို “စိတ်ဆိုးဒေါသထွက်အောင် လာလုပ်ခဲ့ကြောင်း” စွပ်စွဲပြောကြားလိုက်ပြီး ဒိုင်လူကြီးဘက်က တောင်းပန်စကားပြောကြားဖို့ တောင်းဆိုလိုက်ပါတယ်။

တနင်္ဂနွေနေ့က Craven Cottage မှာ ကစားခဲ့တဲ့ပွဲစဉ် ပထမပိုင်းမှာ ယူနိုက်တက်တို့ ပင်နယ်တီကန်ခွင့် ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အသင်းခေါင်းဆောင် ဘရူနို ကန်သွင်းဖို့ ပြင်ဆင်နေချိန်မှာ ဒိုင်လူကြီး ကာဗာနာက သူ့အနားရောက်လာပြီး ဝင်တိုက်သလိုဖြစ်ခဲ့တာကြောင့် အချိန်ကြန့်ကြာမှုအပေါ် စကားများခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာတော့ ပေါ်တူဂီကွင်းလယ်လူရဲ့ ကန်ချက်ဟာ ဘားတန်းပေါ်ကျော်သွားခဲ့ပြီး ပွဲအပြီးမှာ ယူနိုက်တက်တို့ ဖူလ်ဟမ်နဲ့ ၁-၁ နဲ့သရေသာ ကစားနိုင်ခဲ့ပါတယ်။ အခုအခါမှာတော့ စိတ်ပျက်နေတဲ့ ဘရူနိုက ဒိုင်လူကြီး ကာဗာနာကို ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်လိုက်တာ ဖြစ်ပါတယ်။

Photo Credit : The Sun

သူက Sky Sports ကို “ကျွန်တော် စိတ်ပျက်ခဲ့တယ်။ ပင်နယ်တီကန်တဲ့သူတစ်ယောက်အနေနဲ့ ကိုယ့်မှာလုပ်နေကျ အစီအစဉ်တွေ လုပ်ဆောင်မှုတွေ ရှိပါတယ်။ ဒိုင်လူကြီးက တောင်းပန်စကား မပြောခဲ့တဲ့အတွက် ကျွန်တော့်ကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့တယ်။ အဲ့ဒီအချိန်မှာ ကျွန်တော့်ကို ဒေါသထွက်သွားစေခဲ့တာ အဲ့ဒါပါပဲ။” လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ သူက ဆက်လက်ပြီး “ဒါပေမဲ့ ဒါက ပင်နယ်တီလွဲချော်ဖို့အတွက် ဆင်ခြေတစ်ခုတော့ မဟုတ်ပါဘူး။ ကျွန်တော် ဘောလုံးကို ကန်လိုက်တာ အရမ်းဆိုးသွားတယ်။ ဘောလုံးအောက်ကို ခြေထောက်ရောက်သွားတဲ့အတွက် ဘားတန်းပေါ် ကျော်သွားခဲ့တာပါ။” လို့ သူ့ရဲ့အမှားကိုလည်း ဝန်ခံခဲ့ပါတယ်။

Photo Credit : Goal

တစ်ဖက်မှာလည်း ယူနိုက်တက်နည်းပြ ရူဘင် အမိုရင်က BBC Radio 5 Live ကို “ပထမပိုင်းမှာ ကျွန်တော်တို့ ခြေစွမ်းကောင်းခဲ့တယ်၊ ပင်နယ်တီတစ်လုံးလည်း လွဲချော်ခဲ့တယ်။ ဖာနန်ဒက်စ်က သူ့အပေါ်မှာ တာဝန်တွေအများကြီး ယူထားရတော့ (ပင်နယ်တီလွဲချော်ချိန်မှာ) သူ့ဆီက ပျော်ရွှင်မှုကင်းမဲ့နေတာကို ကျွန်တော်ခံစားမိပြီး သူအတိတ်က အကြောင်းတွေကို ပြန်တွေးနေပုံရတယ်။ အခုတော့ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ရှေ့ဆက်ရပါမယ်။” လို့ သုံးသပ်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ရိုဒရီဂို မူနစ်ဇ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် အဆိုပါပင်နယ်တီသာ ဝင်သွားခဲ့ပါက အမိုရင်ရဲ့အသင်းအတွက် ရာသီရဲ့ ပထမဆုံးနိုင်ပွဲ ဖြစ်လာနိုင်ဖွယ် ရှိခဲ့ပါတယ်။ လက်ရှိမှာတော့ အီမေးလ် စမစ်ရိုးရဲ့ ချေပဂိုးကြောင့် တစ်မှတ်သာရရှိခဲ့ပြီး ရာသီအဖွင့် နှစ်ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေခဲ့ပါတယ်။

Exit mobile version