ပရီးမီးယားလိဂ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဓိက ကွင်းလယ် ကစားသမား ဘရူနို ဖာနန်ဒက်ဟာ နာမည်ကြီး အားကစား သတင်းဌာန တစ်ခုဖြစ်တဲ့ Goalရဲ့ ၂၀၂၀ခုနှစ် အတွင်း ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ် ခံခဲ့ရကြောင်း သိရှိ ရပါတယ်။ အသက် ၂၆နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ကုန်ခါနီးကမှ ပေါ်တူဂီ ကလပ် စပို့တင်းလစ္စဘွန်း အသင်းကနေ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့လာသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းထံ ရောက်ရှိကာစမှာပဲ အသင်းနဲ့ အသားကျသွားသလို အသင်းရဲ့ ရလဒ်ကောင်းတွေ အတွက် အဓိက ကစားသမား တစ်ဦး ဖြစ်လာခဲ့ပါတယ်။

Photo Credit: Goal

ဘရူနို ဖာနန်ဒက်ဟာ Goalရဲ့ ၂၀၂၀ ခုနှစ်အတွင်း ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံရဖို့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ခါးသီးပြိုင်ဘက် လီဗာပူးအသင်းရဲ့ အဓိက တိုက်စစ်မှူး ဆာလက်နဲ့ နှိုင်းယှဉ်ခံခဲ့ ရပြီး ဘရူနို ဖာနန်ဒက်ရဲ့ စွမ်းဆောင်ရည်ဟာ ဆာလက်ထက် ပိုပြီး သာလွန်နေသလို ဖာနန်ဒက်ရဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် အရေးပါပုံဟာ လီဗာပူးအသင်း အတွက် ဆာလက်ရဲ့ အရေးပါပုံထက် ပိုသာနေတာကြောင့် အခုလို အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ် ခံခဲ့ရတာ ဖြစ်ကြောင်း Goal က ရှင်းပြ သွားခဲ့ပါတယ်။ ဘရူနို ဖာနန်ဒက်ဟာ ၂၀၂၀ ခုနှစ် အတွင်းမှာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ပရီးမီးယားလိဂ် ပွဲစဉ် ၂၈ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၈ဂိုး အထိ သွင်းယူ ပေးနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁၃ကြိမ် အထိ ပြုလုပ် နိုင်ခဲ့ပါတယ်။

Photo Credit: Goal

ဒါ့ကြောင့် ဘရူနို ဖာနန်ဒက်ရဲ့ ပရီးမီးယားလိဂ် မှတ်တမ်းဟာ ၁ပွဲမှာ ဂိုးပါဝင် ပတ်သတ်မှုနှုန်း ၁ဂိုးထက် ကျော်လွန်နေပြီး ဒါဟာ ပရီးမီးယားလိဂ် ကစားသမားတွေထဲမှာ အမြင့်ဆုံးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဘရူနို ဖာနန်ဒက်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ကစားခဲ့တဲ့ ၁၁လ အတွင်းမှာ ပရီးမီးယားလိဂ် က ပေးအပ်ချီးမြှင့်တဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ၃ကြိမ်အထိ ရရှိခဲ့ပြီး ဒါဟာ ၂၀၂၀ ခုနှစ် အတွင်းမှာ ပရီးမီးယားလိဂ်ရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို အများဆုံး ရရှိခဲ့သူ အဖြစ်လည်း မှတ်တမ်း ဝင်စေပါတယ်။ လက်ရှိမှာတော့ အင်္ဂလန်ရဲ့ ဘောလုံး သုံးသပ်သူတွေက ဖာနန်ဒက် ဟာ ဒီဘရိုင်းနည်းတူ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ အကောင်းဆုံး ကွင်းလယ် ကစားသမား တစ်ဦး ဖြစ်နေပြီ လို့ သုံးသပ် ထားကြပါတယ်။