ဒီနောက်ပိုင်းပွဲစဉ်တွေမှာ ရလဒ်တွေ ဆက်တိုက်ဆိုးရွှားလို့နေပြီး ပြိုင်ပွဲစုံမှာတောင် (၄)ပွဲဆက်တိုက် ရှံးပွဲကြုံတွေ့ထားခဲ့ရတဲ့ စပါးအသင်းဟ ဒီနေ့ညမှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၉)အဖြစ် ရလဒ်တွေ အတော်လေးကို ထူးခြားကောင်းမွန်လျက်ရှိနေတဲ့ ဘန်လေအသင်းနဲ့ အဝေးကွင်းမှာ ဆုံတွေ့လို့နေပြီး အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရကာ တစ်ဖက်ကို ၁ဂိုးစီနဲ့ သရေကျသွားခဲ့ပါတယ်။

Photo Credit : Getty Image

၃-၄-၂-၁ ကစားကွက်ကို အသုံးပြုလာခဲ့တဲ့ စပါးအသင်းမှာ အလီက အထောင်တိုက်စစ်မှူးအဖြစ် ပါဝင်ကစားခဲ့ကာ လာမယ်လာ ဘာ့ဂ်ဝင်းချ် အမ်ဒွန်ဘီလီ စကစ် တန်ဂါဂါ ဗာတွန်ဂန် ဒိုင်ယာ အယ်ဒါဝီရယ် ဆန်းချက်ဇ်နဲ့ လိုရစ်တို့ကို အသုံးပြုခဲ့ပြီး ခံစစ်မှာ ကစားသမား(၅)ဦးအထိကို အသုံးပြုလာခဲ့ပါတယ်။ အိမ်ရှင်ဘန်လေကတော့ ခရစ်ဝုဒ် ရိုဒရီဂွက်ဇ် မက်ခ်နေးလ် ဟန်းဒရစ် ဝက်စ်ဝုဒ် တာကေစကီး နစ်ပုဒ်တို့လို အဓိက ကစားသမားအစုံအလင်နဲ့ စပါးကို ဧည်ခံကစားသွားခဲ့ပါတယ်။ နောက်ပိုင်းကစားခဲ့တဲ့ပွဲတွေမှာ ရလဒ်တွေ ကောင်းထားခဲ့တဲ့ ဘန်လေက ဒီနေ့ပွဲမှာ စပါးအသင်းကို ဒုက္ခကောင်းကောင်းပေးနိုင်ခဲ့ပြီး ပထမပိုင်းတစ်ပိုင်းမှာတောင် သူတို့အသင်းရဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုက ၁၄ကြိမ်တောင်ရှိခဲ့တဲ့ ကြောက်ခမန်းလိလိကို ဖိအားပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီထဲကမှ ၁၃မိနစ်မှာ သွင်းယူခဲ့တဲ့ ခရစ်ဝုဒ်ရဲ့သွင်းဂိုးကတော့ ဘန်လေအတွက် ဦးဆောင်ဂိုးဖြစ်ခဲ့သလို ဒီဂိုးဖြစ်တည်လာတဲ့ ဘောလုံးလမ်ေးကြောင်းအတွင်း မက်ခ်နေးလ် လက်ထိနေတာကို VAR ပြန်ကြည့်ခဲ့ခြင်းမရှိလို့ စပါးတို့ နစ်နာခဲ့ရပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်းပြန်စပြီး သိပ်မကြာခင်လေးမှာပဲ ဘန်လေနောက်ခံလူ အသင်းခေါင်းဆောင် ဘန်မီးလ်က ဧရိယာအတွင်း ဘောလုံးဖြတ်ထုတ်ရှင်း လာမယ်လာကို ကြမ်းတမ်းစွာ ကစားမိသလိုဖြစ်သွားလို့ ပင်နယ်တီကန်ခွင့်ရခဲ့ကာ အလီက အမှားအယွင်းမရှိ သွင်းယူနိုင်ခဲ့ပါတယ်။ ချေပဂိုးမရခင်ကတည်းက ဒုတိယပိုင်းအစမှာ လိုဆယ်ဆိုနဲ့ မော်ရာတို့ကို ထည့်သွင်းလာခဲ့လို့ ဒုတိယပိုင်းမှာ စပါးကစားဟန် ပိုကောင်းမွန်လာခဲ့ပါတယ်။ ချေပဂိုးပြန်လည်ပိုင်ဆိုင်ခဲ့ရပြီးနောက်မှာ စပါးက ပိုမိုဖိအာပေးလာနိုင်ခဲ့ပြီး အနိုင်ဂိုးရဖို့အထိပါ ကြိုးစားလာခဲ့သလို အိမ်ရှင်ဘန်လေကလည်း အိမ်ကွင်းမှာ စပါးဆီကနေ အမှတ်ပြည့်ရဖို့ ပြန်လည်ဖိအားပေးခဲ့ပါတယ်။ ဒါပေမယ့် သွင်းဂိုးတွေထပ်မရတော့ပဲ သရေနဲ့ပဲ အဆုံးသတ်သွားခဲ့ရပါတယ်။