ကမ္ဘာကျော် အင်္ဂလန်ပရီးမီးယားလိဂ်ကတော့ ကမ္ဘာပေါ်မှာ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံး ၊ မထင်မှတ်တဲ့ ရလဒ်တွေ ထွက်ပေါ်မှုအရှိဆုံး လိဂ်တစ်ခုအဖြစ် ပရိသတ်တွေရဲ့ ကြားမှာ သတ်မှတ်ခံထားရတဲဲ့ လိဂ်ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ လီဗာပူးလ်အသင်းက နိုင်ပွဲဆက်မှုတွေ များပြားနေတာကြောင့် ပရီးမီးယားလိဂ် ဟာ အရင်လို မဟုတ်တော့ဘူးလို့ ဝေဖန်မှုတွေ ကြုံတွေ့နေခဲ့ရပေမယ့် ယနေ့မနက်မှာတော့ ဝက်ဖို့ဒ်အသင်းက လီဗာပူးလ်အသင်းကို အနိုင် ကစားပြီး ပရီးမီးယားလိဂ်ဟာ အရင်လို ဖြစ်နေဆဲပဲဆိုတာကို သက်သေပြခဲ့ပါတယ်။ ဝက်ဖို့ဒ် ဟာ လီဗာပူးလ်ကို သုံးဂိုး ဂိုးမရှိဆိုတဲ့ရလဒ်နဲ့ ဂိုးပြတ်နိုင်ခဲ့တာဖြစ်ပြီး ဒီတစ်ခါမှာတော့ ဝက်ဖို့ကို ရှုံးနိမ့်ခဲ့တာကြောင့် ကျိုးပျက်ခဲ့ရတဲ့ လီဗာပူးအသင်းရဲ့ အိမ်မက်တွေအကြောင်းကို တင်ဆက် ပေးသွားချင်ပါတယ်။

Photo Credit: Standard.com

ပရီးမီးယားလိဂ်ရဲ့ နိုင်ပွဲဆက်မှုအများဆုံးစံချိန်

ပြီးခဲ့တဲ့တစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝက်စ်ဟမ်းအသင်းကို နောက်ကျဂိုးတွေနဲ့ နိုင်ပွဲ ရရှိခဲ့အပြီးမှာတော့ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်မှာ ၁၈ပွဲဆက်တိုက်နိုင်ခဲ့ပြီး မန်စီးတီးအသင်းရဲ့ နိုင်ပွဲဆက်မှုအများဆုံးအသင်းဆိုတဲ့ စံချိန်ကို လိုက်မှီနိုင်ခဲ့ပါတယ်။ ဝက်ဖို့ဒ်နဲ့ပွဲကိုသာ အနိုင်ရခဲ့ပါက လီဗာပူးလ်အသင်းဟာ ၁၉ပွ​ဲ ဆက်တိုက် အနိုင်ရရှိတဲ့မှတ်တမ်းနဲ့အတူ ပရီးမီးယားလိဂ်မှာ နိုင်ပွဲဆက်မှုအများဆုံး အသင်းအဖြစ် စံချိန်ဝင်နိုင်မှာဖြစ်ပေမယ့် အဆုံးသတ် မှာတော့ အဆိုပါစံချိန်ကို လက်လွှတ်ခဲ့ရပါတယ်။

Photo Credit: Standard.com

​အာဆင်နယ်ရဲ့ ရှုံးပွဲမရှိစံချိန်ကို လိုက်မမှီတော့ခြင်း

ဝက်ဖို့ဒ်အသင်းနဲ့ ပွဲစဉ်မတိုင်မီမှာ လီဗာပူးလ် အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၇ပွဲကစားထားရာမှာ ၁ပွဲသာ သရေကျထားပြီး ၂၆ပွဲအထိ အနိုင်ရရှိထားတာကြောင့် အာဆင်နယ်အသင်းရဲ့ ပြိုင်ဘက်မရှိစံချိန်ဖြစ်တဲ့ ရှုံးပွဲမရှိစံချိန်နဲ့ ပရီးမီးယားလိဂ်ဖလားရတာကို လိုက်မှီနိုင်လိမ့်မယ် လို့ အားလုံးက ထင်မှတ်ထားကြပေမယ့် အဆိုပါ ထင်ကြေးပေးမှုတွေဟာ လက်ရှိမှာတော့ အဆုံးသတ်သွားခဲ့ပါပြီ။ ဒါ့အပြင် လီဗာပူးလ်အသင်းဟာ အာဆင်နယ်အသင်းရဲ့ ၄၉ပွဲဆက် ရှုံးပွဲမရှိခဲ့တဲ့ စံချိန်ကိုလည်း ချိုးဖျက်နိုင်ခဲ့ခြင်းမရှိပဲ ၄၄ပွဲဆက် ရှုံးပွဲမရှိတဲ့စံချိန်ကိုသာ ရရှိခဲ့ပါတယ်။