နယ်သာလန် နာမည်ကြီးကလပ် အေဂျက်ရဲ့ အဓိက တိုက်စစ်မှူး ဘရော်ဘီက ဆရာဟောင်း တန်ဟက်ဂ် ကိုင်တွယ်နေတဲ့ မန်ချက်စတာ ယူနိုက်တက်က သူ့ကို မကြာခင်မှာ ခေါ်ယူတော့မယ် ဆိုတဲ့ သတင်းတွေနဲ့ ပတ်သတ်ပြီး သူဟာ တန်ဟက်ဂ်နဲ့ အဆက်အသွယ် မရှိတော့သလို အေဂျက်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ထားကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ် နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူး ဘရော်ဘီက အေဂျက်အကယ်ဒမီထွက် ကစားသမား တဦး ဖြစ်ပြီး သူက ဆယ်ကျော်သက် အရွယ်မှာ လိုက်ပ်ဇစ်ဆီ ပြောင်းရွှေ့ ကစားခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် ၂၀၂၂ခုနှစ်မှာ လိုက်ပ်ဇစ် ကနေ အေဂျက်ဆီ ပြန်လည် ပြောင်းရွှေ့လာသူပါ။

Photo Credit: Standard

ဘရော်ဘီက အေဂျက်ဆီ ရောက်ရှိပြီးနောက် အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းပြ ကစားနေပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ အေဂျက်အတွက် ပြိုင်ပွဲစုံ ၂၅ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၃ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၄ကြိမ် ရရှိထားပါတယ်။

ဘရော်ဘီက အထောင်တိုက်စစ် ၊ နောက်ချန်တိုက်စစ် ၊ ဘယ်တောင်ပံ ၊ ညာတောင်ပံ စတဲ့ တိုက်စစ်ရဲ့ နေရာစုံမှာ ဆော့ကစားနိုင်စွမ်း ရှိသလို သူ့ရဲ့ ကြံ့ခိုင်မှုနဲ့ လျင်မြန်မှုကလည်း ထိပ်တန်းအဆင့်မှာ ရှိတာကြောင့် အနာဂတ်မှာ ကမ္ဘာ့အဆင့် တိုက်စစ်မှူး တဦး ဖြစ်လာနိုင်တဲ့ အလားအလာကောင်းတွေကို ပိုင်ဆိုင်ထားပါတယ်။

 

Photo Credit: Team Talk

ဒါကြောင့်ပဲ တန်ဟက်ဂ်က ဘရော်ဘီကို ယခု ဆောင်းဈေးကွက် အတွင်းမှာ ခေါ်ယူဖို့ ကြိုးစားနေတယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး ဘရော်ဘီကတော့ သူဟာ တန်ဟက်ဂ်နဲ့ရော မန်ချက်စတာ ယူနိုက်တက်နဲ့ပါ ဆက်သွယ်မှုတွေ မလုပ်ထားကြောင်း ဆိုလာပါတယ်။

ဘရော်ဘီက – “ကျွန်တော်နဲ့ တန်ဟက်ဂ် ကြားမှာ အဆက်အသွယ် မရှိတာ အတော်လေး ကြာနေပါပြီ။ အရင်ကတော့ Whatsapp ကနေ စကားတွေ ပြောဖြစ်ပါတယ်။ အခုနောက်ပိုင်းတော့ မပြောဖြစ်တော့ပါဘူး။ သူက အလုပ်အရမ်းများတယ်လေ။ ပြီးတော့ ကျွန်တော်က ဖုန်းနံပါတ်အသစ်လည်း လဲထားပါတယ်။ ကျွန်တော်က အခုချိန်အထိ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဆက်သွယ်မှုတွေ မရထားပါဘူး။ ယူနိုက်တက်က ကျွန်တော့်ကို ခေါ်ဖို့ စိတ်ဝင်စားနေတယ် ဆိုတဲ့ သတင်းမျိုးတော့ ဖတ်ဖူးပါတယ်။ ဒါပေမယ့် ကျွန်တော်က အေဂျက်မှာပဲ ဆက်နေသွားမှာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။