အာဆင်နယ်အသင်းရဲ့ ညာနောက်ခံကစားသမားဟောင်းကြီး ဆဂ်ညာက လက်ရှိအသင်းရဲ့ လူငယ်ကွင်းလယ်ကစားသမား အယ်မီစမစ်ရိုးရဲ့ စွမ်းဆောင်ရည်တွေကို ချီးကျူးပြောဆိုသွားခဲ့ပြီး အာဆင်နယ်အသင်းဘက်ကလည်း ဒီကစားသမားလေးကို အသင်းရဲ့အရေးပါတဲ့ ကျောနံပါတ်တစ်ခုဖြစ်တဲ့ ကျောနံပါတ်(၁၀)အဖြစ် ပြောင်းလဲသတ်မှတ်ပေးလိုက်တာဟာလည်း တကယ့်ကို ထိုက်တန်မှုရှိခဲ့ကြောင်း မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၁)နှစစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမားလေး စမစ်ရိုးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာကတည်းက အာဆင်နယ်အသင်းအတွက် ခြေစွမ်းကောင်းတွေကို ပြသလာနိုင်ခဲ့သူဖြစ်လို့ နွေရာသီမှာပဲ သူ့ကို အာဆင်နယ်ဘက်ကနေ (၆)နှစ်သက်တမ်းရှိ နှစ်ရှည်စာချုပ်သစ် တစ်ရပ်ကို ချုပ်ဆိုခဲ့သလို ကျောနံပါတ်ကိုလည်း (၁၀)အဖြစ် ပြောင်းလဲသတ်မှတ်ပေးခဲ့ပါတယ်။ စမစ်ရိုးလို အတွေ့အကြုံနုနယ်သေးတဲ့ လူငယ်ကစားသမားတစ်ဦးကို အသင်းရဲ့ အထင်ကရ ကျောနံပါတစ်ခု သတ်မှတ်ပေးခဲ့အပေါ် အမျိုးမျိုး ဝေဖန်ခဲ့ကြပေမယ့်လည်း စမစ်ရိုးကိုယ်တိုင်ကတော့ သူက ဒီကျောနံပါတ်နဲ့ ထိုက်တန်မှုရှိကြောင်း သက်သေပြနိုင်ခဲ့တဲ့အပြင် အင်္ဂလန်လက်ရွေးစင်အသင်းမှာပါ ရွေးချယ်ခံခဲ့ရတဲ့အထိကို အောင်မြင်လာခဲ့ရပါတယ်။

Photo Credit : The Sun

အာဆင်နယ် လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့ပြီး လိုက်ပ်ဇစ်နဲ့ ဟတ်ဒါဖီးလ်အသင်းတွေမှာ အငှားနဲ့ သွားရောက်ကစားခဲ့ဖူးတဲ့ စမစ်ရိုးဟာ ဒီနှစ်ဘောလုံးရာသီအတွင်း အာဆင်နယ်အသင်းအတွက် အတော်လေးကို ခြေစွမ်းပြသလျက်ရှိနေပြီး ပြိုင်ပွဲစုံ(၁၃)ပွဲအတွင်းမှာ သွင်းဂိုး(၅)ဂိုးထိပါ သွင်းယူထားနိုင်ခဲ့သလို ဆန်မာရီနိုအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာလည်း သူရဲ့ ပထမဆုံးသော လက်ရွေးစင်သွင်းဂိုးကိုပါ သွင်းယူနိုင်ခဲ့ပါသေးတယ်။ ဒီလို စွမ်းဆောင်ထားနိုင် စမစ်ရိုးရဲ့ ခြေစွမ်းတွေနဲ့ပတ်သက်ပြီး ဆဂ်ညာက “သူက အံ့သြစရာကောင်းတယ်။ ကျွန်တော့်ကိုလည်း အများကြီး အထင်ကြီးစေခဲ့တယ်။ အစကတော့ အသင်းကနေ သူ့ကို ကျောနံပါတ်(၁၀) ပေးခဲ့ခြင်းအပေါ်ကို ကျွန်တော်ကိုယ်တိုင် မသေချာသလို ဖြစ်ခဲ့ရသေးတယ်။ အရမ်းကို စောနေမလားလို့ တွေးမိတာပါ။ ဒါပေမယ့် သူက အသက်အရွှယ်နဲ့ မလိုက်အောင် ရင့်ကျက်ပြီး ကျောနံပါတ်(၁၀)နဲ့ ထိုက်တန်မှု ရှိကြောင်းကိုလည်း သက်သေပြနိုင်ခဲ့တယ်။ ကျွန်တော်က သူဒီနံပါတ်ကို ဝတ်ဆင်ထားရလို့ ဖိအားတွေများစွာ ရှိနေရလိမ့်မယ်လို့ ထင်ခဲ့မိတာ။ သူက ဒါကို ကောင်းကောင်းကိုင်တွယ်နိုင်ခဲ့တယ်။ အာဆင်နယ်အတွက် ကစားရတာက မလွယ်ကူသလို အခုဆိုရင် လက်ရွေးစင်အတွက်ပါ တာဝန်ယူရတော့မှာဖြစ်လို့ သူရဲ့တာဝန်တွေက များပြားလာတော့မှာပါ။ ဒါပေမယ့် သူက ဘယ်ကဏ္ဍာမှာပဲ ကစားရ ကစားရ ကွင်းအတွင်းမှာ ကွယ်ပျောက်နေမယ့်သူမျိုးတော့ မဟုတ်ဘူး”လို့ ချီးမွမ်းသွားခဲ့ပါတယ်။