၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ခဲ့တဲ့ အာဂျင်တီးနားအသင်းအတွက် အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့သူတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ ကွင်းလယ်ကစားသမား အလက်ဆစ်မက်အယ်လစ္စတာကို အာဆင်နယ်နဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းတို့က အပြိုင်အဆိုင် စိတ်ဝင်စားနေကြတယ်လို့ စပိန်အခြေစိုက် AS သတင်းစာကနေ ဖော်ပြလာကြပါတယ်။

Image

Photo Credit : Twitter

ဘရိုက်တန်အသင်းရဲ့ ကွင်းလယ်ကစားသမား အယ်လစ္စတာဟာ လက်ရှိမှာ အသက်(၂၃)နှစ်အရွယ်သာ ရှိနေသေးပေမယ့် အာဂျင်တီးနားကလပ် ဘိုကာဂျူနီယာမှာ ကစားခဲ့စဉ်မှာပဲ အာဂျင်တီးနား လက်ရွေးစင်အသင်းအတွက် စတင် ရွေးချယ်ခံခဲ့ရပါတယ်။ အာဂျင်တီးနား ကလပ်အသင်းတွေမှာ တောက်ပခဲ့ပြီးတဲ့နောက် ဘရိုက်တန်ကို ရောက်လာခဲ့ချိန်မှာလည်း ဘရိုက်တန်ရဲ့ key player တစ်ဦး ဖြစ်လာခဲ့သူ အယ်လစ္စတာဟာ အခုဆိုရင် သူ့အသက် (၂၃)နှစ်အတွင်း လက်ရွေးစင်အသင်းအတွက် (၁၄)ပွဲသာ ကစားထားပြီးချိန်မှာပဲ သူဟာ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်လာခဲ့ရပါတယ်။

Photo Credit beIN SPORTS

အယ်လစ္စတာဟာ ၂၀၂၂ကမ္ဘာ့ဖလားပွဲစဉ်အတွင်း ဆော်ဒီအာရေဗျကို ရှုံးနိမ့်ခဲ့ရတဲ့ အုပ်စုအဖွင့်ပွဲစဉ်ကလွဲပြီး ကျန်တဲ့ပွဲတိုင်းမှာ အာဂျင်တီးနားအသင်းအတွက် ပါဝင်ကစားပေးခဲ့သလို ပြင်သစ်နဲ့ ရင်ဆိုင်ခဲ့တဲ့ ဖိုင်နယ်ပွဲစဉ်မှာလည်း အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့ဖလား ပြီးဆုံးသွားချိန်မှာ အယ်လစ္စတာကို ကလပ်အသင်းများစွာက စိတ်ဝင်စားလာခဲ့ကြပြီး လာမယ့်နွေဈေးကွက်မှာပဲ ခေါ်ယူသွားဖို့ စီစဉ်လာခဲ့ကြပါတယ်။ လက်ရှိမှာတော့ အယ်လစ္စတာကို ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းနဲ့ လာလီဂါကလပ် အသက်လက်တီကိုအသင်းတို့က အသီးသီး စိတ်ဝင်စားနေကြတယ်လို့ AS သတင်းစာက ဖော်ပြလာခဲ့ပြီး အသက်လက်တီကိုမှာကတော့ အသင်းနည်းပြ ဒီယေဂိုဆီမြွန်နီက အာဂျင်တီးနား ကစားသမားဟောင်းတစ်ဦး ဖြစ်သလို အသင်းမှာကလည်း သူနဲ့အတူ ကမ္ဘာ့ဖလားမှာ အသင်းဖော်တွေ ဖြစ်ခဲ့ကြတဲ့ ရိုဒရီဂိုဒီပေါလ် မိုလီနာ ကော်ရီယာတို့ပါ ရှိနေတဲ့အတွက် အယ်လစ္စတာသာ ဘရိုက်တန်ကနေ ထွက်ခွာမယ်ဆိုရင် အသက်လက်တီကိုအသင်းက အယ်လစ္စတာအတွက် စဉ်းစားချင်စရာ option တစ်ခု ဖြစ်လာနိုင်ပါတယ်။ လက်ရှိမှာတော့ အယ်လစ္စတာဟာ ဘရိုက်တန်အသင်းနဲ့ ၂၀၂၅ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပြီး ဒီအသင်းမှာပဲ ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းဖွယ် ရှိနေပါတယ်။