ဘရိုက်တန်အသင်းက သူတို့ရဲ့ လူငယ် တိုက်စစ်မှူးလေး အီဗန် ဖာဂူဆန်ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေအနေနဲ့ ဒီနွေမှာ အသင်းကနေ ထွက်ခွာသွားတဲ့ မွိုက်စ် ကိုင်စီဒိုရဲ့ ပြောင်းရွှေ့ကြေးထက် ပိုပေးမှသာ သူတို့ဘက်ကနေ လက်ခံ စဉ်းစားနိုင်မယ်လို့ သတ်ိပေးလိုက်ပါတယ်။

ဘရိုက်တန်အသင်းဟာ ဒီနွေမှာ သူတို့အသင်းရဲ့ အီကွေဒေါ ကွင်းလယ်ကစားသမား ကိုင်စီဒိုကို ချယ်လ်ဆီးအသင်းဆီ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို (၁၁၆)သန်းနဲ့ ရောင်းချခဲ့ပြီး ကိုင်စီဒိုရဲ့ အပြောင်းအရွှေ့ဟာလည်း ပရီးမီးယားလိဂ်မှာ စတုတ္ထမြောက် ဈေးအကြီးဆုံး အပြောင်းအရွေ့တစ်ခု ဖြစ်ခဲ့ရပါတယ်။

Photo Credit : Irish Mirror

ဘရိုက်တန်က ဒီနှစ်ပိုင်းအတွင်းမှာပဲ ကိုင်စီဒို ကူကူရယ်လာ မက်အယ်လစ္စတာ ထရိုဆက်ဒ်တို့လို ကစားသမားကောင်းတွေကို ကလပ်အသင်းကြီးတွေဆီ ပြောင်းရွှေ့ကြေး အမြောက်အများနဲ့ ရောင်းချခဲ့သလို လက်ရှိအသင်းမှာလည်း မိတိုမာ ဖာဂူဆန်တို့လို ကြယ်ပွင့် ကစားသမားတွေလည်း ရှိနေပြန်ပါတယ်။

လတ်တလောမှာတော့ ဘရိုက်တန်အသင်းရဲ့ အိုင်ယာလန် လူငယ် တိုက်စစ်မှူးလေး အီဗန် ဖာဂူဆန်ကို ပရီးမီးယားလိဂ် ထိပ်သီးကလပ်အသင်းတွေဖြစ်တဲ့ မန်စီးတီး မန်ယူနိုက်တက် ချယ်လ်ဆီးတို့က အပြိုင် စိတ်ဝင်စားနေကြပြီး ဘရိုက်တန်ကတော့ သူတို့ ကစားသမားကို လိုချင်ရင် ပြောင်းရွှေ့ကြေး အမြောက်အများနဲ့ ကမ်းလှမ်းရမယ်လို့ သတိပေးလိုက်ပါတယ်။

Photo Credit : Eurosport

အသက် (၁၉)နှစ်သာ ရှိနေသေးတဲ့ ဆယ်ကျော်သက် အိုင်ယာလန် တိုက်စစ်မှူး ဖာဂူဆန်ဟာ ဒီရာသီမှာ ဘရိုက်တန်အတွက် ပရီးမီးယားလိဂ် (၁၁)ပွဲ ကစားထားရင်း သွင်းဂိုး (၅)ဂိုးထိ သွင်းယူထားနိုင်ခဲ့သလို ပြီးခဲ့တဲ့ရာသီက သွင်းယူခဲ့တဲ့ လိဂ်သွင်းဂိုးကိုပါ လိုက်မီနိုင်တော့မှာပဲ ဖြစ်ပါတယ်။

ဒီကစားသမားလေးရဲ့ လက်ရှိတန်ကြေးက ယူရို (၆၅)သန်းလောက် ရှိနေပေမယ့် ဒီနိုဝင်ဘာလထဲကမှ ၂၀၂၉ခုနှစ်အထိ နှစ်ရှည်စာချုပ် တိုးမြှင့်ထားတာကြောင့် သူ့ကို အလိုရှိနေတဲ့ အသင်းတွေအနေနဲ့ ပြောင်းရွှေ့ကြေးကို ယူရို သန်း(၁၀၀)အထက်လောက် သုံးစွဲရနိုင်ဖွယ် ရှိနေပါတယ်။