MySport Myanmar

စပါးအပယ်ခံ ဘရိုင်ယန် ဂေးလ်ကို ခေါ်ယူဖို့ တရားဝင် ဆွေးနွေးနေတဲ့ ဘရိုက်တန်

ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်း တသင်း ဖြစ်တဲ့ ဘရိုက်တန်က သူတို့အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား အများအပြား ဒဏ်ရာရနေတာကြောင့် သူတို့ရဲ့ တိုက်စစ်ပိုင်း အတွက် အားဖြည့်မှု တရပ် အဖြစ် စပါးရဲ့ အပယ်ခံ တောင်ပံတိုက်စစ် ကစားသမား ဘရိုင်ယန် ဂေးလ်ကို ခေါ်ယူဖို့ တရားဝင် ဆွေးနွေးမှုတွေ လုပ်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ဘရိုက်တန်က ပရီးမီးယားလိဂ်ရဲ့ အလယ်အလတ် အသင်းတွေထဲမှာ လူအင်အား တောင့်တင်းတဲ့ အသင်းတွေထဲ ပါပေမယ့် သူတို့ရဲ့ အဓိက တောင်ပံတိုက်စစ်ကစားသမားတွေ ဖြစ်ကြတဲ့ ဆိုလီ မက်ရှ်နဲ့ အန်ဆု ဖာတီတို့က ဒဏ်ရာတွေကြောင့် အနားယူနေရသလို နောက်ထပ် တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ မီတိုမာကလည်း အာရှဖလားပြိုင်ပွဲဆီ သွားနေရပါတယ်။

Photo Credit: Daily Star

ဒါကြောင့် ဘရိုက်တန်ရဲ့ နည်းပြချုပ် ဖြစ်သူ ဒီဇာဘီက ဆောင်းဈေးကွက် မပိတ်ခင်မှာ တောင်ပံတိုက်စစ် ကစားသမားသစ် ၁ဦး ခေါ်ယူပေးဖို့ အသင်းရဲ့ ဘုတ်အဖွဲ့ထံ တင်ပြ တောင်းဆိုခဲ့ပြီး ဘရိုက်တန်ရဲ့ တာဝန်ရှိသူတွေကလည်း တောင်ပံတိုက်စစ် ကစားသမားသစ် ၁ဦးကို ခေါ်ယူဖို့ အစွမ်းကုန် ကြိုးစားနေပါတယ်။

တဖက်မှာတော့ အသက် ၂၂နှစ် အရွယ် စပိန်တောင်ပံတိုက်စစ် ကစားသမား ဘရိုင်ယန် ဂေးလ်က ၂၀၂၁ခုနှစ်မှာ ဆီဗီးလား ကနေ စပါးထံ ပြောင်းရွှေ့ကြေး ယူရို ၂၅သန်းနဲ့ ပြောင်းရွှေ့လာပြီးနောက် ပုံမှန် ကစားခွင့် ပျောက်ဆုံးနေသူ ဖြစ်ပြီး သူက စပါးမှာ ပုံမှန် ကစားခွင့် မရသလို ဗလင်စီယာ ၊ ဆီဗီးလား စတဲ့ အသင်းတွေဆီ အငှားနဲ့ ပြောင်းရွှေ့ ကစားချိန်မှာလည်း ကစားခွင့် ရဖို့ ရုန်းကန်ခဲ့ရပါတယ်။

Photo Credit: Football 365

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Talksportsရဲ့ ဖော်ပြချက်အရ ဘရိုက်တန်က ဘရိုင်ယန် ဂေးလ်ကို ခေါ်ယူဖို့ စပါးနဲ့ တရားဝင် တွေ့ဆုံ ဆွေးနွေးနေပြီး ဘရိုက်တန်ဟာ ဘရိုင်ယန် ဂေးလ်ကို အပြီးသတ် ခေါ်ယူဖို့ စီစဉ်နေကြောင်း သိရှိရပါတယ်။

စပါးကတော့ သူတို့ရဲ့ အနာဂတ် အစီအစဉ်တွေထဲမှာ မပါဝင်တဲ့ ဘရိုင်ယန် ဂေးလ်ကို ပြောင်းရွှေ့ကြေး ယူရို ၁၀သန်း ဝန်းကျင် ရရှိရင် ရောင်းချသွားဖို့ ရှိနေပေမယ့် အပြောင်းအရွှေ့ဈေးကွက် ပိတ်သိမ်းဖို့ နီးစပ်နေတာကြောင့် ဘရိုက်တန်က ဘရိုင်ယန် ဂေးလ်ကို အပြီးသတ်ထက် အငှား + အပြီးသတ် ခေါ်ယူခွင့်နဲ့သာ ခေါ်ယူနိုင်ဖွယ် ရှိနေပါတယ်။

Exit mobile version