ပရီးမီးယားလိဂ် ဖျက်မြင်းအသင်း တသင်း ဖြစ်တဲ့ ဘရိုက်တန်က ပြည်တွင်းပြိုင်ဘက် ချယ်လ်ဆီးရဲ့ စိတ်ဝင်စားမှုကို ရရှိထားတဲ့ ကွင်းလယ်လူ ကိုင်စီဒိုအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်းကျော် ရရှိဖို့ မျှော်လင့်ထားကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာပါတယ်။

အသက် ၂၁နှစ် အရွယ် အီကွေဒေါ လက်ရွေးစင် ကွင်းလယ်လူ ကိုင်စီဒိုက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘရိုက်တန်ရဲ့ အဓိက ကွင်းလယ်လူ တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သူ ဖြစ်ပြီး သူက ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး လူငယ် ကစားသမား ၁၀ဦး စာရင်းထဲကိုပါ ဝင်ခဲ့ပါတယ်။

Photo Credit: Football London

သူမတူတဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးက ကိုင်စီဒိုကို ခေါ်ယူဖို့ ကြိုးစားနေပြီး ဘရိုက်တန်ကလည်း ကိုင်စီဒိုကို ယခု နွေဈေးကွက် အတွင်းမှာ သင့်တော်တဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ အသင်းပြောင်းခွင့် ပေးမယ်လို့ ကတိပေးထားပါတယ်။

လက်ရှိမှာတော့ ချယ်လ်ဆီးက ကိုင်စီဒိုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရယူထားနိုင်ပြီး ချယ်လ်ဆီးက ကိုင်စီဒိုကို ခေါ်ယူနိုင်ဖို့ ဘရိုက်တန်နဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရယူရန်သာ လိုအပ်တော့ကာ ချယ်လ်ဆီးဟာ ကိုင်စီဒိုကို ပြောင်းရွှေ့ကြေး ပေါင် ၈၀သန်း ဝန်းကျင်နဲ့ ခေါ်ယူနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဂရက်မိုက်ရဲ့ ဖော်ပြချက်အရ ဘရိုက်တန်က ယခု နွေဈေးကွက် အစမှာ ကိုင်စီဒိုကို ပြောင်းရွှေ့ကြေး ပေါင် ၈၀သန်းကျော်နဲ့ ရောင်းချဖို့ စိတ်ကူးခဲ့ပေမယ့် ဝက်စ်ဟမ်းက သူတို့ရဲ့ ကွင်းလယ်လူ ရိုက်စ်ကို အာဆင်နယ်ဆီ ပြောင်းရွှေ့ကြေး ပေါင် ၁၀၅သန်းနဲ့ ရောင်းချတာကို မြင်ပြီးနောက် ကိုင်စီဒိုအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်းကျော် တောင်းဆိုဖို့ ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။

ယခုချိန်မှာ ချယ်လ်ဆီးနဲ့ ဘရိုက်တန်တို့က ကိုင်စီဒိုရဲ့ ပြောင်းရွှေ့ကြေး အတွက် ဆွေးနွေးမှုတွေ ဆက်တိုက် ပြုလုပ်ထားပြီး ချယ်လ်ဆီးက လာမယ့် ရက်ပိုင်းအတွင်းမှာပဲ ကိုင်စီဒိုအတွက် ပထမဦးဆုံး တရားဝင် ကမ်းလှမ်းမှုကို ဘရိုက်တန်ထံ ပေးပို့ဖို့ စီစဉ်ထားကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဆိုပါတယ်။