ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်း တသင်း ဖြစ်တဲ့ ဘရိုက်တန်က သူတို့အသင်းရဲ့ အဓိက ကွင်းလယ်လူ ကိုင်စီဒို အတွက် ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ ဒုတိယအကြိမ် ကမ်းလှမ်းမှု ဖြစ်တဲ့ ပေါင် ၇၀သန်းတန် ကမ်းလှမ်းမှုကို ထပ်မံ ပယ်ချလိုက်ကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အာဆင်နယ်က သူတို့အသင်းရဲ့ အဓိက ကွင်းလယ်လူ သောမတ်စ် ပါတေး တယောက် နံရိုးဒဏ်ရာ ရထားသလို အရန် ကွင်းလယ်လူ ဖြစ်တဲ့ အယ်နီနီကလည်း အနားယူနေရတာကြောင့် ကွင်းလယ်အတွက် ထိပ်တန်း ကွင်းလယ်လူ တဦးကို ထပ်မံ ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဘရိုက်တန်နဲ့အတူ ခြေစွမ်းပြနေတဲ့ ကိုင်စီဒိုဟာ သူတို့ရဲ့ နံပါတ်တစ် ပစ်မှတ်ပဲ ဖြစ်ပါတယ်။

Photo Credit: Sky Sports

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ အီကွေဒေါ လက်ရွေးစင် ကွင်းလယ်လူ ကိုင်စီဒိုက ယခုနှစ် ဘောလုံးရာသီမှာ ဘရိုက်တန်နဲ့အတူ အတော်လေး ခြေစွမ်းပြထားတဲ့ လူငယ် ကွင်းလယ်ကြယ်ပွင့် ဖြစ်ပြီး သူ့ရဲ့ ဘောလုံးဖြန့်ဝေမှု ၊ ပြိုင်ဘက်ရဲ့ တိုက်စစ်ကို ဟန့်တားမှုနဲ့ အဝေးဘော ပေးပို့မှုတွေက ထိပ်တန်းအဆင့်မှာ ရှိပါတယ်။

ဒါကြောင့်ပဲ အာဆင်နယ်က ကိုင်စီဒိုအတွက် ပထမဦးဆုံးအကြိမ် ကမ်းလှမ်းမှု အဖြစ် ပေါင် ၆၀သန်း ၊ ဒုတိယအကြိမ် ကမ်းလှမ်းမှု အဖြစ် ပေါင် ၇၀သန်းတို့နဲ့ ကမ်းလှမ်းမှုတွေ အကြိမ်ကြိမ် ပြုလုပ်နေတာ ဖြစ်ပြီး ဘရိုက်တန်ကတော့ ကိုင်စီဒိုအတွက် အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုတွေကို အကြိမ်ကြိမ် ပယ်ချထားပါတယ်။

Photo Credit: Sky Sports

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အာဆင်နယ်က ယနေ့မနက် အစောပိုင်းမှာပဲ ကိုင်စီဒိုအတွက် ဒုတိယအကြိမ် ကမ်းလှမ်းမှု အဖြစ် အပိုဆုကြေးတွေ အပါအဝင် ပေါင် ၇၀သန်းနဲ့ ကမ်းလှမ်းခဲ့ပြီး ဘရိုက်တန်က အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံ စဉ်းစားခြင်း မရှိပဲ ချက်ချင်း ပယ်ချခဲ့ကြောင်း သိရပါတယ်။

နောက်ထပ် နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ အွန်စတိန်းကလည်း ဘရိုက်တန်ဟာ အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုတွေကို အကြိမ်ကြိမ် ပယ်ချနေကြောင်း ထပ်ဆင့် အတည်ပြုပေးထားသလို ဘရိုက်တန်ဘက်က ကိုင်စီဒိုအတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ပေါင် ၈၀သန်းကျော် လိုချင်နေတာကြောင့် အာဆင်နယ်ဟာ သူတို့အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးကို ပေးမှသာ ကိုင်စီဒိုကို ခေါ်ယူနိုင်မယ်လို့ ဆိုပါတယ်။