ပရီးမီးယားလိဂ်ကလပ် ဘရိုက်တန်ကတော့ သူတို့အသင်းရဲ့ ကြယ်ပွင့် ကစားသမား ကူကူရယ်လာ အတွက် မန်ချက်စတာ စီးတီးရဲ့ ပထမဦးဆုံး ကမ်းလှမ်းမှု ဖြစ်တဲ့ ပေါင် ၃၀သန်းတန် ကမ်းလှမ်းမှုကို ပယ်ချလိုက်ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးက သူတို့အသင်းရဲ့ ဘယ်နောက်ခံလူ တဦး ဖြစ်သူ ဇင်ချန်ကိုကို အာဆင်နယ်ထံ ပြောင်းရွှေ့ကြေး ပေါင် ၃၀သန်းကျော်နဲ့ ရောင်းချဖို့ သဘောတူခဲ့ပြီးနောက် ဘယ်နောက်ခံနေရာ အတွက် ဘရိုက်တန်နဲ့အတူ တောက်ပနေတဲ့ ကူကူရယ်လာကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။

Photo Credit: Sports Bible

အသက် ၂၃နှစ် အရွယ် စပိန်ဘယ်နောက်ခံလူ ကူကူရယ်လာက ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ဂီတာဖေးကနေ ဘရိုက်တန်ထံ ပြောင်းရွှေ့ကြေး ယူရို ၁၈သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ဘရိုက်တန်ထံ စတင် ရောက်ရှိချိန်မှာပဲ အသင်းရဲ့ အဓိက ကစားသမား တဦး ဖြစ်လာခဲ့ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ သူက ဘရိုက်တန်အတွက် ၃၈ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ဘယ်နောက်ခံ နေရာမှာ အားနည်းချက်တွေ ရှိနေတဲ့ မန်ချက်စတာ စီးတီးက ကူကူရယ်လာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး မန်ချက်စတာ စီးတီးက ကူကူရယ်လာ အတွက် ပထမဦးဆုံး တရားဝင် ကမ်းလှမ်းမှု အဖြစ် ပေါင် ၃၀သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ရာ ဘရိုက်တန်ဘက်က မန်ချက်စတာ စီးတီးရဲ့ ကမ်းလှမ်းမှုကို ချက်ချင်း ဆိုသလို ပယ်ချခဲ့ကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit: Sports Bible

နာမည်ကြီး သတင်းထောက် ဒေးဗစ် အွန်စတိန်းကလည်း ဘရိုက်တန်ဟာ ကူကူရယ်လာ အတွက် မန်ချက်စတာ စီးတီးရဲ့ ပေါင် ၃၀သန်းတန် ကမ်းလှမ်းမှုကို ပယ်ချသွားခဲ့သလို ကူကူရယ်လာရဲ့ တန်ကြေးကို ပေါင် ၅၀သန်း အထိ သတ်မှတ်ထားကြောင်းလည်း သိရပါတယ်။

မန်ချက်စတာ စီးတီးကတော့ သူတို့ရဲ့ အဓိက ပစ်မှတ် ကစားသမား ဖြစ်သူ ကူကူရယ်လာ အတွက် နောက်ထပ်တကြိမ် ထပ်မံ ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီး သူတို့ရဲ့ ဒုတိယအကြိမ် ကမ်းလှမ်းမှုက ပေါင် ၄၀သန်း ဝန်းကျင် ရှိနိုင်ပါတယ်။