MySport Myanmar

ကိုင်စီဒိုကို ချယ်လ်ဆီးက ပေါင် သန်း(၈၀)နဲ့ ထပ်မံ ကမ်းလှမ်းခဲ့ရာ ထပ်မံ ပယ်ချခံရ

ချယ်လ်ဆီးအသင်းဟာ ဘရိုက်တန်အသင်းရဲ့ အီကွေဒေါ ကွင်းလယ် ခံစစ် ကစားသမားလေး မွိုက်စ် ကိုင်စီဒိုအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း (၈၀)နဲ့ ကမ်းလှမ်းမှု တစ်ရပ်ကို ထပ်မံ လုပ်ဆောင်ခဲ့ရာ ဒီကမ်းလှမ်းမှုကိုလည်း ဘရိုက်တန်ဘက်က ချက်ချင်း ပယ်ချသွားခဲ့ရတယ်လို့ သိရပါတယ်။

ချယ်လ်ဆီးက ဒီနွေမှာ ကစားသမားတချို့ကို ခေါ်ယူထားပေမယ့်လည်း အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက်ကိုတော့ ကိုင်စီဒို တစ်ဦးတည်းသာ တောက်လျှောက် ကြိုးပမ်းနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုချိန်ထိ ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုတိုင်းကို ဘရိုက်တန်ဘက်က ဆက်တိုက် ပယ်ချလျက် ရှိနေပါတယ်။

Photo Credit : The Athletic

အသက် (၂၁)နှစ်အရွယ် အီကွေဒေါ လက်ရွေးစင် ကွင်းလယ်လူ ကိုင်စီဒိုဟာ လွန်ခဲ့တဲ့ ၂၀၂၁ခုနှစ်ကမှ အီကွေဒေါ ကလပ် Independiente del Valle အသင်းကနေ ဘရိုက်တန်ဆီကို ပေါင် (၄.၅)သန်း ဝန်းကျင်လောက်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး သူရဲ့ခြေစွမ်းပိုင်းတွေကြောင့် ဘရိုက်တန်က ကိုင်စီဒိုရဲ့ တန်ကြေးကို ပေါင် သန်း (၁၀၀)အထိပါ သတ်မှတ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ ဆောင်းဈေးကွက်မှာကတည်းက ကိုင်စီဒိုကို အာဆင်နယ်အသင်းက ခေါ်ယူနိုင်ဖို့ အသေအချာ ကြိုးပမ်းခဲ့ပေမယ့်လည်း ဘရိုက်တန်ဘက်က ဈေးမြှင့်တောင်းဆိုမှုကြောင့် အပြောင်းအရွှေ့က ဖြစ်မလာခဲ့တဲ့အပြင် ကိုင်စီဒိုပါ ဘရိုက်တန်နဲ့ စာချုပ်သစ် ချုပ်ဆိုလိုက်ရပါတယ်။

Photo Credit : Transfermarket

ကိုင်စီဒိုက ဘရိုက်တန်နဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့မှုမှာ သူ့ကို ကလပ်အသင်းကြီးတွေ ထပ်မံ ကမ်းလှမ်းလာခဲ့ရင် ရောင်းချပေးသွားဖို့ တောင်းဆိုထားချက် ပါဝင်ခဲ့ပေမယ့် အခု ချယ်လ်ဆီးဘက်က ပေါင် သန်း (၇၀)နဲ့ ကမ်းလှမ်းမှုကိုရော ပေါင် သန်း (၈၀)နဲ့ နောက်တစ်ကြိမ် ကမ်းလှမ်းမှုကိုပါ ဘရိုက်တန်က အသီးသီး ပယ်ချထားခဲ့ပါတယ်။

ဒါပေမယ့် ချယ်လ်ဆီးကလည်း ကိုင်စီဒိုကို အသင်းရဲ့ အဓိက အကျဆုံး ပစ်မှတ်တစ်ဦးအဖြစ် သတ်မှတ်ထားတာဖြစ်လို့ သူတို့ရဲ့ ပြောင်းရွှေ့ကြေးကို ထပ်မံ တိုးမြှင့်ပြီး ကမ်းလှမ်းမှုတွေ လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။

Exit mobile version