ဂျပန် ကြယ်ပွင့်ကစားသမား မိတိုမာကို ပိုင်ဆိုင်ထားတဲ့ ပရီးမီးယားလိဂ်ကလပ် ဘရိုက်တန်အသင်းဟာ လက်ရှိမှာတော့ မိတိုမာနဲ့ တစ်နိုင်ငံသားတည်းသားတွေဖြစ်သော ဂျပန် ကွင်းလယ်ကစားသမား ရီယိုဟာတတဲကို ဆဲလ်တစ်အသင်းကနေ ခေါ်ယူသွားဖို့ စီစဉ်နေပြီလို့ သိရပါတယ်။

Photo Credit : The Times

အသက်(၂၅)နှစ်အရွယ်ရှိ ဂျပန်လက်ရွေးစင် ကွင်းလယ်လူ ဟာတတဲဟာ မိတိုမာရဲ့ အသင်းဟောင်းဖြစ်တဲ့ Kawasaki Frontale မှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့သူဖြစ်ပြီး ဂျေလိဂ်မှာ (၄)ရာသီ ကျင်လည်ပြီးနောက် စကော့ ထိပ်သီးကလပ် ဆဲလ်တစ်အသင်းဆီ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ဆဲလ်တစ်မှာ ပွဲပေါင်း (၆၀)နီးပါး ပါဝင် ကစားထားခဲ့သူ ဟာတတဲက CM တစ်ဦး ဖြစ်ပေမယ့် ဘယ်ခြမ်းမှာပါ ကစားတတ်ပြီး ဘယ်တောင်ပံ ဘယ်နောက်ခံလူ နေရာတွေမှာပါ လိုက်ပါ ကစားနိုင်ပါတယ်။

Photo Credit : Glasgow Live

ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ် အုပ်စုပွဲစဉ် တစ်ပွဲဖြစ်တဲ့ ဆဲလ်တစ်နဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ ထိပ်တိုက် တွေ့ဆုံတဲ့ပွဲမှာ ကစားသမားဘဝရဲ့ ချန်ပီယံလိဂ် ပွဲဦးထွက်အဖြစ် ပါဝင်ခဲ့သူ ဟာတတဲဟာ သူရဲ့ အကောင်းဆုံး ခြေစွမ်းတွေကြောင့် မီဒီယာတွေ ဘောလုံးပရိသတ်တွေရဲ့ ချီးကျူးခြင်းကို ရရှိခဲ့ပါတယ်။ ဒီနှစ်ဘောလုံးရာသီအတွင်းမှာ တည်ငြိမ်တဲ့ ခြေစွမ်းမျိုးကို ပြသထားနိုင်ပေမယ့် ဂျပန်အသင်းကတော့ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးအတွက် ဟာတတဲကို မရွေးချယ်ခဲ့လို့ ပရိသတ် အများအပြားက မေးခွန်းထုတ်စရာ ဖြစ်ခဲ့ရပါတယ်။

Photo Credit : Sky Sports

ဥရောပ ကလပ်အသင်းတွေရဲ့ အာရုံကို ဖမ်းစားလာနိုင်ခဲ့တဲ့ ဂျပန်ကြယ်ပွင့်လေး ဟာတတဲကို ဘရိုက်တန်အသင်းက ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ခေါ်ဆောင်သွားဖို့ ပြင်ဆင်လာခဲ့ပြီဖြစ်ပြီး လာမယ့် နွေဈေးကွက်အတွင်းမှာပဲ ကမ်းလှမ်းမှုတွေကို စတင် လုပ်ဆောင်သွားဖွယ်လည်း ရှိနေပါတယ်။ ဟာတတဲဟာ သူရဲ့လက်ရှိကလပ် ဆဲလ်တစ်အသင်းနဲ့တော့ ၂၀၂၆ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမယ့် ပရီးမီးယားလိဂ်လို ပြိုင်ပွဲကြီးမှာ ပါဝင်ကစားခွင့်ရနိုင်တဲ့ အခွင့်အရေးကိုတော့ အကောင်းဆုံး အသုံးချဖွယ် ရှိနေပါတယ်။