မကြာသေးမီကပဲ အသင်းရဲ့ နည်းပြချုပ် ဖြစ်သူ ဂရေဟမ် ပေါ်တာကို ချယ်လ်ဆီးဆီ ပြောင်းရွှေ့ခွင့် ပေးခဲ့တဲ့ ဘရိုက်တန်က သူတို့အသင်းရဲ့ လစ်လပ်နေတဲ့ နည်းပြချုပ်နေရာ အတွက် ယူကရိန်း ထိပ်သီးကလပ် ရှက်တာဒိုးနက်ရဲ့ နည်းပြဟောင်း ဒီဇာဘီကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

ဘရိုက်တန်က သူတို့အသင်းရဲ့ နည်းပြချုပ် ဂရေဟမ် ပေါ်တာကို စာချုပ်ဖျက်သိမ်းကြေး ပေါင် ၁၃သန်း ဝန်းကျင်နဲ့ ချယ်လ်ဆီးဆီ ပြောင်းရွှေ့ခွင့် ပေးခဲ့ပြီးနောက် လစ်လပ်နေတဲ့ နည်းပြချုပ်နေရာ အတွက် အသင်းရဲ့ ဝါရင့် ကွင်းလယ်လူ လယ်လာနာကို ကစားသမား + နည်းပြအဖြစ် တာဝန် ပေးအပ်ထားပါတယ်။

Photo Credit: Team Talk

ဒါပေမယ့် လယ်လာနာက သူ့ရဲ့ ကစားသမား ဘဝကို အဆုံးမသတ်ချင်သေးတာကြောင့် ဘရိုက်တန်ဟာ သူတို့အသင်းကို ကိုင်တွယ်နိုင်မယ့် နည်းပြသစ် တဦးကို မဖြစ်မနေ ရှာဖွေဖို့ လိုအပ်ခဲ့ပြီး ဘရိုက်တန်ရဲ့ တာဝန်ရှိသူတွေက လူငယ် ကစားသမားတွေကို နေရာပေးလေ့ ရှိသလို နည်းစနစ်လည်း ကောင်းမွန်တဲ့ ဒီဇာဘီကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ကြိုးစားနေပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဘရိုက်တန်က ဒီဇာဘီကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ဒီဇာဘီကလည်း ဘရိုက်တန်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

Photo Credit: Team Talk

ဒီဇာဘီက ရှက်တာဒိုးနက် နည်းပြအဖြစ် ပွဲ ၃၀ ကိုင်တွယ်ခဲ့ရာမှာ ပွဲ၂၀နိုင် ၊ ၅ပွဲသရေ ၊ ၅ပွဲရှုံး ဆိုတဲ့ ရလဒ်ကို ပိုင်ဆိုင်ထားပြီး အီတလီ နာမည်ကြီး သတင်းထောက် ဒီမာဇီယိုကလည်း ဒီဇာဘီဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ သွားရောက်ဖို့ စိတ်ကူးရှိတာကြောင့် ဘရိုက်တန်ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ဖွယ် မရှိကြောင်း ထပ်မံ ပြောကြားထားပါတယ်။