ပရီးမီးယားလိဂ် ကလပ်အသင်း တစ်သင်း ဖြစ်တဲ့ ဘရိုက်တန်အသင်းရဲ့ လူငယ် ညာနောက်ခံလူ လန့်ပ်တေး ကတော့ ဘရိုက်တန်အသင်းနဲ့ ၂၀၂၅ခုနှစ် အထိ သက်တမ်းရှိမယ့် ကာလရှည် စာချုပ် တစ်ရပ်ကို ချုပ်ဆိုဖို့ အတွက် သဘောတူညီမှု ရရှိခဲ့ကြောင်း အင်္ဂလန် အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် ညာနောက်ခံလူ လန့်ပ်တေးဟာ ယခုနှစ် ဘောလုံးရာသီ အစ နွေရာသီ အပြောင်းအရွှေ့ကမှ ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်း ကနေ ဘရိုက်တန်အသင်းထံကို ပြောင်းရွှေ့ကြေး ယူရို ၃.၃သန်းထဲနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပေမယ့် ဘရိုက်တန် အသင်းနဲ့ ပထမ ရာသီဝက်မှာ ပြသခဲ့တဲ့ သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့် ဥရောပ အသင်းကြီး အတော်များများက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စား လာကြပါတယ်။

Photo Credit: Sports Mole

အင်္ဂလန် ယူ-၂၁ အသင်း လက်ရွေးစင် လန့်ပ်တေးဟာ ချယ်လ်ဆီးအသင်းရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တစ်ဦးဖြစ်ပြီး ခြေစွမ်းခြေစ ရှိပေမယ့် ရစ်စီဂျိမ်းစ်နဲ့ အက်စ်ပီလီကွီတာတို့ ရှိနေတဲ့ ချယ်လ်ဆီးအသင်းရဲ့ ညာနောက်ခံ နေရာမှာ ပွဲထွက်ခွင့် ရဖို့ မသေချာတာကြောင့် ဘရိုက်တန် အသင်းထံ ပြောင်းရွှေ့လာသူလည်း ဖြစ်ပါတယ်။ လန့်ပ်တေးဟာ ယခုနှစ် ဘောလုံးရာသီမှာ ဘရိုက်တန် အသင်းအတွက် ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ပွဲ ပါဝင် ကစားပေးထားရာမှာ သွင်းဂိုး ၁ဂိုး သွင်းယူထားပြီး ဂိုးဖန်တီးမှု ၃ကြိမ် အထိ ပြုလုပ် ပေးထားနိုင်ပါတယ်။ လန့်ပ်တေးရဲ့ စွမ်းဆောင်ရည်ကြောင့်ပဲ သူ့ရဲ့ တန်ကြေးဟာ ၅လ အတွင်းမှာ ၂ဆ အထိ မြင့်တက်လာခဲ့ပြီး ဘရိုက်တန် အသင်းထံ စတင် ရောက်ရှိစဉ်မှာ လန့်ပ်တေးရဲ့ တန်ကြေးဟာ ယူရို ၈သန်းသာ ရှိခဲ့ပေမယ့် လက်ရှိမှာတော့ သူ့ရဲ့ တန်ကြေးဟာ ယူရို ၁၈သန်း အထိ ရှိလာခဲ့ပါပြီ။

Photo Credit: Sports Mole

အင်္ဂလန် နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက် အရ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ အတွင်းမှာပဲ လန့်ပ်တေးကို ခေါ်ယူဖို့ ဥရောပ အင်အားကြီး အသင်းတွေ ဖြစ်တဲ့ ဘိုင်ယန်မြူးနစ် အသင်းနဲ့ အက်သလက်တီကို မက်ဒရစ် အသင်းတို့က စိတ်ဝင်စားခဲ့ကြပေမယ့် ဘရိုက်တန် အသင်းဟာ လန့်ပ်တေးကို ရောင်းချဖို့ ငြင်းဆန်ခဲ့သလို လန့်ပ်တေးကလည်း ဘရိုက်တန် အသင်းမှာသာ ဆက်လက် နေထိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဘရိုက်တန် အသင်းဟာ လန့်ပ်တေးကို လုပ်ခလစာ တိုးမြှင့်ပေးကာ ၂၀၂၅ ခုနှစ် အထိ စာချုပ်သက်တမ်း ရှိတဲ့ စာချုပ်သစ် တစ်ရပ် ချုပ်ဆိုနိုင်ခဲ့ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာ သွားခဲ့တာကြောင့် လန့်ပ်တေးကို ဘရိုက်တန် အသင်းမှာပဲ နောက်ထပ် ဘောလုံးရာသီ ၂ခုစာလောက် ထပ်မံ မြင်တွေ့ရဖွယ် ရှိပါတယ်။