မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေးကို ထွက်ပေါ်ခဲ့တဲ့ ဆယ်ကျော်သက်အရွှယ် အီကွေဒေါတောင်ပံတိုက်စစ်ကစားသမားလေး မွိုက်စ်ကိုင်စီဒိုဟာ ယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့က ဖြစ်ပေါ်လာတော့မှာမဟုတ်ပဲ နောက်ဆက်တွဲ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ကိုင်စီဒိုဟာ သူ့ကို အလိုရှိနေတဲ့ ကလပ်အသင်းတွေထဲကမှ ဘရိုက်တန်အသင်းဆီကိုပဲ ပြောင်းရွှေ့လာဖို့ နီးစပ်နေပြီလို့ သိရှိရပါတယ်။

Photo Credit : Daily Mail

အသက်(၁၉)နှစ်အရွှယ်ရှိ ဆယ်ကျော်သက်အရွှယ် တောင်အမေရိကကြယ်ပွင့် ကစားသမားလေး ကိုင်စီဒိုကို မန်ချက်စတာယူနိုက်တက် ချယ်လ်ဆီး အဲဗာတန် ဝက်စ်ဟမ်းယူနိုက်တက်တို့အပါအဝင် ပရီးမီးယားလိဂ် ကလပ်အသင်းပေါင်းများစွာကနေ စိတ်ဝင်စားနေကြပြီး ဒီအသင်းတွေထဲကမှ ယူနိုက်တက်အသင်းနဲ့ အတော်လေးထွက်ပေါ်ခဲ့ပါတယ်။ သတင်းတွေရဲ့ဖော်ပြချက်အရ ကိုင်စီဒိုဟာ အခုဆောင်းစျေးကွက်မှာပဲ ယူနိုက်တက်ဆီကို ပြောင်းရွှေ့ဖို့အတွက် သေချာပေါက် ရောက်ရှိနိုင်လိမ့်မယ်လို့ ယူဆခဲ့ကြပေမယ့်လည်း တကယ်တမ်းမှာတော့ ယူနိုက်တက်က ကိုင်စီဒိုကို ဆက်လက်ကမ်းလှမ်းမှုတွေ မလုပ်ဆောင်တော့ဖို့ကိုသာ ဆုံးဖြတ်သွားခဲ့ပါတယ်။

Photo Credit : Daily Mail

ကိုင်စီဒိုဟာ ယူနိုက်တက်အသင်းကို ပြောင်းရွှွေှ့ကစားဖို့ စိတ်အားထက်သန်ခဲ့သူ ဖြစ်ပေမယ့်လည်း အသင်းဘက်က သူ့ကို ဦးစားပေးခေါ်ယူမယ့် ကစားသမားအဖြစ် မသတ်မှတ်ထားသလို အာမတ်ဒီယဲလ်လိုကို ခေါ်ယူခဲ့စဉ်ကလို အလုပ်ပါမစ်ကိစ္စတွေမှာပါ နှောင့်နှေးနိုင်တာကြောင့် ခေါ်ယူမယ့်ကိစ္စကို လက်လျှော့လိုက်တာဖြစ်ပါတယ်။ ဒီလို ယူနိုက်တက်က ကိုင်စီဒိုကို ခေါ်ယူဖို့ လက်လျှော့သွားချိန်မှာ ချယ်လ်ဆီးအသင်းက ဒီကစားသမားလေးကို ပိုင်ဆိုင်ဖို့အတွက် ထိပ်ဆုံးကနေ ရေပန်းစားလာခဲ့ပေမယ့်လည်း နောက်ပိုင်းထွက်ပေါ်လာတဲ့ သတင်းတွေမှာတော့ ကိုင်စီဒိုရဲ့အသင်းသစ်က ဘရိုက်တန်အသင်း ဖြစ်လာလိမ့်မယ်လို့ သိရှိရပါတယ်။ ဘရိုက်တန်အသင်းဟာ ကိုင်စီဒိုကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင်(၄.၅)သန်းနဲ့ သဘောတူညီမှု ရယူထားနိုင်ခဲ့တာဖြစ်ပြီး မကြာခင်မှာပဲ သူရဲ့အပြောင်းအရွှေ့က ဖြစ်မြောက်လာတော့မယ်လို့ သိရပါတယ်။ ကိုင်စီဒိုအနေနဲ့ကလည်း ယူနိုက်တက် ချယ်လ်ဆီးအသင်းတွေထက် ဘရိုက်တန်လို အသင်းမျိုးကို ရွေးချယ်လိုက်တာက သူ့အတွက်လည်း ပုံမှန်ပွဲထွက်ကစားခွင့်တွေ ရနိုင်တာကြောင့် အကျိုးရှိတဲ့ အပြောင်းအရွှေ့တစ်ခုလည်း ဖြစ်လာနိုင်ပေမယ့် ကိုင်စီဒိုကို မျှော်လင့်နေကြတဲ့ ယူနိုက်တက်ပရိသတ်တွေအတွက်ကတော့ စိတ်ပျက်စရာတစ်ခု ဖြစ်သွားမှာသေချာပါတယ်။