MySport Myanmar

မာဒရစ်ခ်က ဘာလွန်းဒေါဆုရှင် ဖြစ်လာနိုင်တယ်လို့ ဘရိုက်တန်ည်းပြ ဒီဇာဘီ ဟောကိန်းထုတ်

မကြာသေးခင်ကမှ ရှက်တာဒိုးနက်အသင်းကနေ ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွေ့ရောက်ရှိလာခဲ့တဲ့ ယူကရိန်း တောင်ပံကစားသမားလေး မာဒရစ်ခ်ဟာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဘာလွန်းဒေါဆုရှင်တစ်ယောက် ဖြစ်လာနိုင်တယ်လို့ ရှက်တာနည်းပြဟောင်း လက်ရှိ ဘရိုက်တန်ကို ကိုင်တွယ်နေတဲ့ ရောဘတ်တိုဒီဇာဘီက ဟောကိန်းထုတ် ပြောကြားလိုက်ပါတယ်။

Photo Credit : Football London

အသက်(၂၂)နှစ်အရွယ်ရှိ ယူကရိန်းကြယ်ပွင့် ကစားသမားလေး မာဒရစ်ခ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ ရှက်တာဒိုးနက်ကနေ ချယ်လ်ဆီးကို ပေါင်(၈၈)သန်းနဲ့ ပြောင်းရွေ့လာခဲ့တာဖြစ်ပြီး ချယ်လ်ဆီးအသင်းဟာလည်း ယူကရိန်းနေမာလို့ တင်စားခံနေရတဲ့ မာဒရစ်ခ်ကို မြို့ခံအသင်း အာဆင်နယ်ထက် လက်ဦးမှု ရယူကာ ခေါ်ယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ မာဒရစ်ခ်ဟာ အခုလို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ မရောက်ရှိခင်က ရှက်တာဒိုးနက်အသင်းမှာ လက်ရှိ ဘရိုက်တန်နည်းပြ ဖြစ်နေသူ နည်းပြဒီဇာဘီနဲ့ လက်တွဲခဲ့ဖူးတာဖြစ်ပြီး ဒီဇာဘီကိုယ်တိုင် မာဒရစ်ခ်ကို ဘရိုက်တန်ထိ ခေါ်ယူချင်ခဲ့ကြောင်း ဖွင့်ဟထားခဲ့ပါတယ်။

Photo Credit : Sports Illustrated

မာဒရစ်ခ်နဲ့ ပတ်သတ်ပြီး ဒီဇာဘီက “သူက ထူးခြားကောင်းမွန်လှတဲ့ ကစားသမားတစ်ယောက်ပါ။ ကျွန်တော် သူ့ကိုလည်း သဘောကျမိတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က ကျွန်တော့် ကစားသမားဟောင်းတွေကို အမြဲ နှစ်သက်တတ်သူ ဖြစ်လို့ပါပဲ။ ဒါပေမဲ့လည်း ဘရိုက်တန်ကတော့ သူ့ကို မခေါ်ယူနိုင်ပါဘူး။ လာမယ့် အနာဂတ်မှာတော့ မာဒရစ်ခ်က ဘာလွန်းဒေါဆုကို ဆွတ်ခူးနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်မိတယ်။ ကျွန်တော် ဒီကစားသမားလေးရဲ့ တန်ဖိုးကိုလည်း သိထားပါတယ်။ သူ့မှာ ဘာလွန်းဒေါဆုရှင် ဖြစ်လာနိုင်မယ်လို့ အလားအလာမျိုးလည်း ပိုင်ဆိုင်ထားပါတယ်” လို့ အမွှမ်းတင် ပြောဆိုထားခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်တဲ့ မာဒရစ်ခ်ကို အာဆင်နယ်အသင်းက စတင် စိတ်ဝင်စားခဲ့တာဖြစ်ပြီး နွေနဲ့ ဆောင်းဈေးကွက် တစ်လျှောက်လုံး ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပေမဲ့လည်း ရှက်တာဒိုးနက်ဘက်က အလိုရှိနေတဲ့ တန်ကြေးအတိုင်း ကမ်းလှမ်းခြင်း မရှိခဲ့တာကြောင့် နောက်ဆုံးမှာ ချယ်လ်ဆီးအသင်းရဲ့ နောက်ကောက်ချမှုနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ချယ်လ်ဆီးကစားသမားသစ် ဖြစ်သွားခဲ့ပြီဖြစ်တဲ့ မာဒရစ်ခ်ကတော့ လာမဲ့ (၂၁)ရက်နေ့ အန်ဖီးလ်မှာ လီဗာပူးလ်အသင်းနဲ့ ရင်ဆိုင်ရမယ့် ပရီးမီယားလိဂ်ပွဲစဉ်မှာပဲ ချယ်လ်ဆီးအတွက် စတင် ပွဲထွက်ရဖွယ် ရှိနေပါတယ်။

Exit mobile version