အင်္ဂလန်ဘက်က ဘောလုံးပြိုင်ပွဲတွေကတော့ အက်အေဖလားဖိုင်နယ်ပြီးကတည်းက အားလုံးပြီးဆုံးသွားခဲ့ပြီဆိုပေမယ့် အရေးကြီးတဲ့ပွဲစဉ်တစ်ပွဲကတော့ ကျန်ရှိနေပါသေးတယ်။ ဒီပွဲကတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို တန်းတတ်လာခွင့်ရရှိမယ့် နောက်ဆုံးတစ်နေရာစာတိုက်ပွဲ ဒါမှမဟုတ် ချန်ပီယံရှစ်ပလေးအော့ဖိုင်နယ်ပွဲစဉ်ဖြစ်ပါတယ်။ အနိုင်ရမယ့်အသင်းက ပရီးမီးယားလိဂ်ကို ပြန်လည်တတ်လှမ်းခွင့်ရှိမယ့်အပြင် ဆုကြေးငွေပေါင်းများစွာကိုပါ ပိုင်ဆိုင်ရမှာဖြစ်လို့ ရေကုန်ရေခုန်း အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြမှာတော့ သေချာနေပါတယ်။

ပထမဆုံးတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားအသင်းဖြစ်တဲ့ ဖူလ်ဟမ်အသင်းအကြောင်း စတင်ပြောဆိုချင်ပါတယ်။ မကြာသေးခင်ကမှ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့ရတဲ့ ဖူလ်ဟမ်အသင်းက လူငယ်နည်းပြ စကော့ပါကားရဲ့လက်အောက်မှာ အသင်းကို အကောင်းဆုံးပြန်လည်တည်ဆောက်ထားနိုင်သလို ကစားသမားအင်အားပိုင်းမှာလည်း ပြိုင်ဘက်ဘရန့်ဖိုဒ့်ထက် ပိုတောင့်တင်းပါတယ်။ ပလေးအော့ဆီမီးဖိုင်နယ်မှာ ကာဒစ်ကို ဖြတ်ကျော်လာခဲ့တဲ့ ဖူလ်ဟမ်က အဆင့်(၄)နေရာနဲ့ ရာသီသိမ်းခဲ့တာဖြစ်ပြီး ဘရန့်ဖိုဒ့်အသင်းနဲ့ ရမှတ်တူရရှိထားတဲ့ အသင်းလည်းဖြစ်ပါတယ်။ ဒီပွဲမှာတော့ အသင်းရဲ့အဓိကတိုက်စစ်မှူးမီထရိုဗစ် ပါဝင်ကစားဖို့ မသေမချာဖြစ်နေပါတယ်။

ဆွမ်ဆီးကိုကျော်ဖြတ်ပြီး ပလေးအော့ဖိုင်နယ်ဆီ တတ်လှမ်းလာခဲ့တဲ့ ဘရန့်ဖိုဒ့်အသင်းကတော့ လိဂ်တူး လိဂ်ဝမ်းနဲ့ ချန်ပီယံရှစ်ပြိုင်ပွဲတွေမှာသာ ကျင်လည်လာခဲ့ရတဲ့ အသင်းလေးဖြစ်ပြီး ပရီးမီးယားလိဂ်မှာ တစ်ကြိမ်တစ်ခါမှ မယှဉ်ပြိုင်ဖူးတဲ့အသင်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီရာသီ ဘရန့်ဖိုဒ့်အသင်းရဲ့ခြေစွမ်းတွေက အတော်လေးကို အထင်ကြီးစရာကောင်းနေပြီး ချန်ပီယံလိဒ်စ်ယူနိုက်တက်အသင်းထက်ပင် သွင်းဂိုးပိုများလို့နေပြီး ဒီရာသီ ချန်ပီယံရှစ်ရဲ့တိုက်စစ်အကောင်းဆုံးအသင်းလည်းဖြစ်ပါတယ်။ ဒါ့အပြင် ဘရန့်ဖိုဒ့်က ဒီရာသီအတွင်း ဖူလ်ဟမ်နဲ့ နှစ်ကြိမ်တိုင် တွေ့ဆုံခဲ့ရာမှာ နှစ်ကျော့လုံးကို အနိုင်ယူထားခဲ့ပါသေးတယ်။

ဒီလိုအချက်အလက်တွေကြောင့် ဒီနေ့ည (၁)နာရီ(၁၅)မိနစ်အချိန် ဝင်ဘာလေကွင်းကြီးအတွင်းမှာ ကစားသွားကြမယ့် ဖူလ်ဟမ်နဲ့ဘရန့်ဖိုဒ့်တို့ရဲ့ပလေးအော့ဖိုင်နယ်က အရမ်းကို ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းနေရတာပါ။ တန်းတတ်သွားခဲ့ပြီဖြစ်တဲ့ လိဒ်စ်ယူနိုက်တက် ဝက်ဘရွန်းတို့နဲ့အတူ ပရီးမီးယားလိဂ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို ဘယ်အသင်းက ပိုင်ဆိုင်သွားမလဲဆိုတာကလည်း တကယ့်ကို မှန်းရခက်စေပါတယ်။ ဖူလ်ဟမ်ကတော့ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီတုန်းက ပလေးအော့ဖိုင်နယ်ပွဲကို ဗီလာအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ဖူးပြီး အနိုင်လည်းရခဲ့ဖူးပါတယ်။ ခြေရည်တူအသင်းနှစ်သင်း ဆုံတွေ့မှုမှာ အတွေ့အကြုံပိုင်း ကစားသမားပိုင်း ပိုသာတဲ့ ဖူလ်ဟမ်ကိုပဲ ပိုသဘောကျမိပါတယ်။